close

ကျောက်ဖြူမြို့

close

August 4, 2022

ကျောက်ဖြူတွင် မိုးကြိုးပစ်ခံရပြီး ကျောင်းသား ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ပန်းတောပြင်ကျေးရွာအုပ်စု၊ ကူးတို့ဆိပ်ကျေးရွာမှာ ဩဂုတ် ၂ ရက် နေ့လယ်ပိုင်းက မိုးကြိုးပစ်ခံရပြီး အသက် ၁၂ နှစ်အရွယ် ငါးတန်းကျောင်းသားတယောက် သေဆုံးကာ နှစ်ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

သေဆုံးသွားသူမှာ ကူးတို့ဆိပ်ကျေးရွာက အသက် ၁၂ နှစ်အရွယ် မောင်သားစေ့ကေဖြစ်ပြီး ဒဏ်ရာရရှိသူတွေမှာ အသက် ၁၂ နှစ်အရွယ် မောင်ဝေရန်စိုးနဲ့ မောင်သက်ဝေရန်တို့ ဖြစ်ကြပါတယ်။

ကျေးရွာသားတဦးက “သူတို့က ဘုတ်ဆိပ်မှာ ရေသွားချိုးကြတယ်လို့ သိရတယ်။ အဲဒီမှာ သုံးယောက်လုံး မိုးကြိုးပစ်ခံရပြီး သုံးယောက်လုံး မေ့လဲနေကြပြီး တယောက်ကတော့ အဲဒီမှာပဲ ဆုံးသွားတယ်။ ကျန်နှစ်ယောက်ကိုတော့ ပန်းတောပြင် ကျေးလက်ဆေးခန်းမှာ ကုသနေကြတယ်။ စိုးရိမ်ရတဲ့ အခြေအနေတော့ မရှိဘူး” လို့ ပြောပါတယ်။

ဒဏ်ရာရရှိတဲ့ ကလေးနှစ်ယောက်ဟာ မိုးကြိုးပစ်ခံရတာကြောင့် အညိုအမည်းဒဏ်ရာ ရရှိခဲ့ပါတယ်။

သေဆုံးသွားတဲ့  မောင်သားစေ့ကေကိုတော့ ဩဂုတ် ၃ ရက် နေ့လယ်က ကူးတို့ဆိပ်သုသာန်မှာ သင်္ဂြိုဟ်ခဲ့ပါတယ်။

အခုမိုးကြိုးပစ်ခံလိုက်ရတဲ့ ကျောင်းသားသုံးယောက်ဟာ ကူးတို့ဆိပ်ကျေးရွာက အ.လ.က ကျောင်းမှာ ပဉ္ဇမတန်း ပညာသင်ယူနေကြတဲ့ ကျောင်းသားတွေ ဖြစ်ကြပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်က မောင်တောမြို့နယ် ဥဒေါင်းကျေးရွာက အမျိုးသမီးတယောက်  မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။

4 mins Ago

August 24, 2021

အေအေ လှုပ်ရှားမှုကို သတင်းပေးရန် အုပ်ချုပ်ရေးမှူးများကို စစ်တပ်က ခေါ်ယူသတိပေး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှာ ရက္ခိုင့်တပ်တော်(အေအေ)ရဲ့ လှုပ်ရှားမှုတွေကို သတင်းပေးတိုင်ကြားကြဖို့ သြဂုတ် ၂၃ ရက်က မြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီတပ် အမှတ် ၃၄ တပ်ရင်းမှူးက ခေါ်ယူသတိပေးပြောဆိုခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ဦးက “ကျနော်တို့ကို အစည်းအဝေးမတက်မနေရဆိုပြီး ၃၄ တပ်က တပ်ရင်းမှူးကခေါ်တယ်။ အေအေက ကိုဗစ်ကာကွယ်ရေးနဲ့ပတ်သက်ပြီးတော့ မြို့ပေါ်ရပ်ကွက်တွေမှာ စာလိုက်ကပ်တာ၊ အဲဒီစာရွက်ကပ်တဲ့သူတွေကို မသိဘူးလားပေါ့၊ ပြီးရင် ကျနော်တို့ကို အေအေကလှုပ်ရှားမှုတွေကို မသိဘူးလားဆိုပြီး မေးတယ်။ သိရင်သူတို့ကို အကြောင်းကြားဖို့ပေါ့၊ သိရဲ့နဲ့ထိမ်ချန်ထားတယ်ဆိုပြီးတော့ အပြစ်တင်တာပေါ့။ ရပ်ကွက်တွေမှာလည်း မှုခင်းတွေဖြစ်လာရင် သူတို့ကိုအ​ကြောင်းကြားပေးဖို့နဲ့ ရပ်ကွက်တွေမှာ လူစိမ်းတွေဝင်လာရင်လည်း သတင်းပေးဖို့” လို့ ပြောပါတယ်။

အေအေက ကိုဗစ်ကာကွယ်ထိန်းချုပ်နိုင်ဖို့ Stay at Home ကာလသတ်မှတ်ခဲ့သလို ရခိုင်ပြည်သူတွေအနေနဲ့ မတရားပြုကျင့်ခံရတာတွေကို တိုင်ကြားနိုင်ဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် တရားရေးဌာနဖွင့်လှစ်ထားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

စစ်တပ်က ရခိုင်ပြည်နယ်မှာ အင်းအားတိုးချဲ့တာတွေနဲ့ မြို့နယ်တွေမှာနေအိမ်တွေကို ဝင်ရောက်ရှာဖွေစစ်ဆေး လုပ်ဆောင်လာနေတာကြောင့် တိုက်ပွဲတွေ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်လာနိုင်တဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

11 months Ago
Up