close

ကျောက်ဖြူတွင် မိုးကြိုးပစ်ခံရပြီး ကျောင်းသား ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ပန်းတောပြင်ကျေးရွာအုပ်စု၊ ကူးတို့ဆိပ်ကျေးရွာမှာ ဩဂုတ် ၂ ရက် နေ့လယ်ပိုင်းက မိုးကြိုးပစ်ခံရပြီး အသက် ၁၂ နှစ်အရွယ် ငါးတန်းကျောင်းသားတယောက် သေဆုံးကာ နှစ်ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

သေဆုံးသွားသူမှာ ကူးတို့ဆိပ်ကျေးရွာက အသက် ၁၂ နှစ်အရွယ် မောင်သားစေ့ကေဖြစ်ပြီး ဒဏ်ရာရရှိသူတွေမှာ အသက် ၁၂ နှစ်အရွယ် မောင်ဝေရန်စိုးနဲ့ မောင်သက်ဝေရန်တို့ ဖြစ်ကြပါတယ်။

ကျေးရွာသားတဦးက “သူတို့က ဘုတ်ဆိပ်မှာ ရေသွားချိုးကြတယ်လို့ သိရတယ်။ အဲဒီမှာ သုံးယောက်လုံး မိုးကြိုးပစ်ခံရပြီး သုံးယောက်လုံး မေ့လဲနေကြပြီး တယောက်ကတော့ အဲဒီမှာပဲ ဆုံးသွားတယ်။ ကျန်နှစ်ယောက်ကိုတော့ ပန်းတောပြင် ကျေးလက်ဆေးခန်းမှာ ကုသနေကြတယ်။ စိုးရိမ်ရတဲ့ အခြေအနေတော့ မရှိဘူး” လို့ ပြောပါတယ်။

ဒဏ်ရာရရှိတဲ့ ကလေးနှစ်ယောက်ဟာ မိုးကြိုးပစ်ခံရတာကြောင့် အညိုအမည်းဒဏ်ရာ ရရှိခဲ့ပါတယ်။

သေဆုံးသွားတဲ့  မောင်သားစေ့ကေကိုတော့ ဩဂုတ် ၃ ရက် နေ့လယ်က ကူးတို့ဆိပ်သုသာန်မှာ သင်္ဂြိုဟ်ခဲ့ပါတယ်။

အခုမိုးကြိုးပစ်ခံလိုက်ရတဲ့ ကျောင်းသားသုံးယောက်ဟာ ကူးတို့ဆိပ်ကျေးရွာက အ.လ.က ကျောင်းမှာ ပဉ္ဇမတန်း ပညာသင်ယူနေကြတဲ့ ကျောင်းသားတွေ ဖြစ်ကြပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်က မောင်တောမြို့နယ် ဥဒေါင်းကျေးရွာက အမျိုးသမီးတယောက်  မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။

//
Up