ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ထဲက ခိုယောင်းကျေးရွာ၊ ကျင်တီချောင်းမှာ ငါးမျှားကြတဲ့ အမျိုးသား ၂ ဦး မတ်လ ၁၄ ရက် ညပိုင်းက မိုင်းနင်းမိတာကြောင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၂ ဦးစလုံး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ မြို့ခံပရဟိတအသင်းတွေဆီက သိရပါတယ်။
အဲ့ဒီည ၇ နာရီခွဲလောက်က ကျင်တီချောင်းအစပ်မှာ ပေါက်ကွဲသံကြားခဲ့ရပြီး လူထိခိုက်ဒဏ်ရာ ရရှိတာကြောင့် ဒေသခံတွေကနေ လူမှုကူညီရေးအသင်းတွေကို အကူအညီ တောင်းခဲ့တာပါ။
ပေါက်ကွဲမှုကနေ ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား ၂ ဦးဟာ အသက် ၂၀ အရွယ်နဲ့ ၂၈ နှစ် အရွယ်တို့ ဖြစ်ကြပြီး မိုင်းစတွေက မျက်နှာ၊ လက်ကောက်ဝတ်နဲ့ ခြေထောက်တွေကို ထိမှန်ခဲ့တဲ့ အမျိုးသားတဦးကတော့ ဒဏ်ရာပြင်းထန်တဲ့အပြင် ကျောက်မဲဆေးရုံမှာ အရိုးအကြော ခွဲစိတ်ကုဆရာဝန် မလုံလောက်တာကြောင့် လားရှိုးဆေးရုံကို ပြောင်းလဲကုသမှု ခံယူနေရတယ်လို့ သိရပြီး ဘယ်တပ်ဖွဲ့က မိုင်းလည်း မသိရသေးပါဘူးလို့ ဆိုပါတယ်။
“သူတို့က ငါးသွားရှာတာ၊ အဲ့မှာ အခန့်မသင့်ရင်းနဲ့ နင်းမိတာပေါ့။ လက်ကျန်မိုင်းလား ဒါမှမဟုတ် အရင်တိုက်ပွဲတွေဖြစ်ပြီးမှ မကွဲတဲ့မိုင်းကို ဆွဲမိသလား၊ စနစ်တံဖြုတ်မိသလား၊ အဲ့လိုအပိုင်းတွေ ရှိတယ်ပေါ့။ တယောက်ကတော့ လက်မနဲ့ လက်ကောက်ဝတ်ကြား တော်တော်ထိသွားတယ်။ ခြေထောက်မှာလည်း ၁ လက်မလောက် ဗုံးဆန် နစ်ဝင်နေတယ်။ ထိတာကတော့ ခန္ဓာကိုယ်အနှံ့ပေါ့၊ သူ့ကိုတော့ လားရှိုးကို ပို့ပေးထားပါတယ်။ နောက်တယောက်ကတော့ ဒဏ်ရာသိပ်မရလို့ ကျောက်မဲမှာပါပဲ” လို့ ကျောက်မဲအခြေစိုက် လူမှုကူညီရေးအသင်းက ပြောပါတယ်။
မိုင်းပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ ၂၀၂၂ ခုနှစ်က RCSS နဲ့ TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်မှာ တိုက်ပွဲငြိမ်နေပေမဲ့ လက်ကျန်မိုင်းတွေ ရှိနေနိုင်တယ်လို့ ဆိုပါတယ်။
မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ လူထိခိုက်ဒဏ်ရာရရှိတာတွေ ရှိနေပေမဲ့ စစ်ကောင်စီနဲ့ တခြားလက်နက်ကိုင်တပ်ဖွဲ့တွေက လာရောက်စစ်ဆေးမှုနဲ့ ကူညီဆောင်ရွက်ပေးတာတွေ မရှိတာကြောင့် ဒေသခံတွေက မြို့ခံပရဟိတအသင်းတွေကိုပဲ အားထားနေရပါတယ်။
၂၀၂၀ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း ကျောက်မဲမြို့နယ်ထဲမှာ မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့ဖြစ်စဉ် ၁၃ ကြိမ်ထက်မနည်း ရှိနေပြီလို့ မြိုခံလူမှုကူညီရေးအသင်းတွေရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
ရှမ်းပြည်နယ်၊ ကျောက်မဲ၊ လင်းခေးနဲ့ ကျိုင်းတုံမြို့တွေမှာ ဩဂုတ် ၁၂ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံပြီး ဒေသခံပြည်သူတွေ ရေဘေးဒုက္ခနဲ့ ကြုံတွေ့နေရပါတယ်။
ကျောက်မဲမြို့၊ အမှတ်(၂) ရပ်ကွက်နဲ့ ရန်ကင်းရပ်အနိမ့်ပိုင်းရှိ နေအိမ်တွေထဲကို ရေ၀င်ရောက်နေတာကြောင့် ရေဘေးသင့်နေအိမ်တွေက ပစ္စည်းတွေကို ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပါတယ်။
လင်းခေးမြို့မှာလည်း နမ့်တိန်းချောင်းရေကြီးပြီး ရေလျှံမှုကြောင့် ဈေးတန်းရပ်ကွက်၊ ကမ်းနားလမ်းမှာ ရေဝင်ရောက်နေသလို ပန်းကျိုင်းကျေးရွာ၊ ဟိုကွန်ချောင်းတံတားမှာလည်း ရေလျှံနေလို့ ဒေသခံပြည်သူတွေ သွားလာရလွယ်ကူစေဖို့နဲ့ ရေဝင်နေတဲ့ နေအိမ်တွေရှိ ပစ္စည်းတွေကို ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ရတယ်လို့ဆိုပါတယ်။
ကျိုင်းတုံမြို့အနီး ဖြတ်သန်းစီးဆင်းနေတဲ့ နမ့်ခင်နွဲ့ တောင်ကျချောင်းဟာလည်း ကျန်စက်ရွာအနီးမှာ သဲတာဘောင် ပေ ၁၀၀ လောက် ကျိုးပေါက်ပြီး ယန်းလောကျေးရွာအတွင်းသို့ ချောင်းရေတွေတက်လာပြီး လူနေ အိမ်ခြေ ၂၀ လောက် ရေဝင်နေပါတယ်။
ယန်းလောကျေးရွာနဲ့ ဆက်စပ်နေတဲ့ အမှတ် (၅) ရပ်ကွက်သို့ ရေမဝင်ရောက်စေဖို့ ရပ်ကွက်နေပြည်သူတွေနဲ့ ပူးပေါင်းပြီး ရေဝင်ရောက်နိုင်တဲ့ အနိမ့်ပိုင်းနေရာတွေမှာ သဲအိပ်တွေ ဖို့ ခဲ့ကြတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Photo-MFSD