close

ကျောက်မဲ၊ လင်းခေးနှင့် ကျိုင်းတုံတွင် ဒေသခံများ ရေဘေးဒုက္ခကြုံနေရ (ဓာတ်ပုံ)

ရှမ်းပြည်နယ်၊ ကျောက်မဲ၊ လင်းခေးနဲ့ ကျိုင်းတုံမြို့တွေမှာ ဩဂုတ် ၁၂ ရက်က  မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံပြီး ဒေသခံပြည်သူတွေ ရေဘေးဒုက္ခနဲ့  ကြုံတွေ့နေရပါတယ်။

ကျောက်မဲမြို့၊ အမှတ်(၂) ရပ်ကွက်နဲ့ ရန်ကင်းရပ်အနိမ့်ပိုင်းရှိ နေအိမ်တွေထဲကို  ရေ၀င်ရောက်နေတာကြောင့် ရေဘေးသင့်နေအိမ်တွေက ပစ္စည်းတွေကို  ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပါတယ်။

လင်းခေးမြို့မှာလည်း နမ့်တိန်းချောင်းရေကြီးပြီး ရေလျှံမှုကြောင့် ဈေးတန်းရပ်ကွက်၊ ကမ်းနားလမ်းမှာ ရေဝင်ရောက်နေသလို  ပန်းကျိုင်းကျေးရွာ၊ ဟိုကွန်ချောင်းတံတားမှာလည်း ရေလျှံနေလို့ ဒေသခံပြည်သူတွေ သွားလာရလွယ်ကူစေဖို့နဲ့ ရေဝင်နေတဲ့ နေအိမ်တွေရှိ ပစ္စည်းတွေကို ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ရတယ်လို့ဆိုပါတယ်။

ကျိုင်းတုံမြို့အနီး ဖြတ်သန်းစီးဆင်းနေတဲ့ နမ့်ခင်နွဲ့ တောင်ကျချောင်းဟာလည်း ကျန်စက်ရွာအနီးမှာ သဲတာဘောင် ပေ ၁၀၀ လောက် ကျိုးပေါက်ပြီး ယန်းလောကျေးရွာအတွင်းသို့ ချောင်းရေတွေတက်လာပြီး  လူနေ အိမ်ခြေ ၂၀ လောက် ရေဝင်နေပါတယ်။

ယန်းလောကျေးရွာနဲ့ ဆက်စပ်နေတဲ့ အမှတ် (၅) ရပ်ကွက်သို့ ရေမဝင်ရောက်စေဖို့ ရပ်ကွက်နေပြည်သူတွေနဲ့  ပူးပေါင်းပြီး ရေဝင်ရောက်နိုင်တဲ့ အနိမ့်ပိုင်းနေရာတွေမှာ သဲအိပ်တွေ ဖို့ ခဲ့ကြတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Photo-MFSD

//
Up