close

ကျောက်မျက်ရတနာ

close

November 17, 2022

မိုးကုတ်ဂိတ်များတွင် စစ်တပ်က ကျောက်မျက်များတွေ့လျှင် သိမ်းဆည်းငွေညှစ်

မန္တလေးတိုင်း၊ မိုးကုတ်မြို့က ကျောက်ကုန်သည်တွေ တင်ပို့တဲ့ ကျောက်မျက်ရတနာတွေကို စစ်ကောင်စီတပ်က လမ်းမှာ စစ်ဆေးသိမ်းဆည်းပြီးနောက် ငွေတောင်းခံတာတွေ လုပ်ဆောင်နေတယ်လို့ အမည်မဖော်လိုတဲ့ ကုန်သည်တွေက ပြောပါတယ်။

မိုးကုတ်မြို့က ကုန်သည်တွေအနေနဲ့ အွန်လိုင်းပေါ်ကနေ ကျောက်မျက်တွေ ရောင်းချပြီး ကားဂိတ်ကနေ ဝယ်သူတွေဆီ တင်ပို့တဲ့အခါ လမ်းမှာ ကားတွေကို စစ်ဆေးပြီး ကျောက်မျက်ရတနာတွေကို သိမ်းဆည်းသွားတာလို့ အမည်မဖော်လိုသူ ကုန်သည်တဦးက ပြောပါတယ်။

“လမ်းမှာ အရမ်းစစ်တယ်။ အထုပ်တွေဖောက်ပြီးတော့ကို စစ်တာ။ လူတွေလည်း လမ်းဆင်းလျှောက်ရတယ်။ အထုပ်တွေဖြည်ပြီး စစ်ဆေးတယ်။ ကျောက်မျက်ရတနာတွေ့ရင် သိမ်းတယ်။ အခွန်မဆောင်တာတွေနဲ့ ကျောက်မျက်ဥပဒေငြိတယ်ဆိုပြီး သိမ်းကြတာ။ သူတို့နဲ့ ပြန်ညှိပြီး ပိုက်ဆံပေးထုတ်ရတယ်။”

မိုးကုတ်မြို့ဟာ ကျောက်မျက်လုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုလုပ်သူ အများဆုံး နေထိုင်ကြတဲ့မြို့ ဖြစ်တာကြောင့် လမ်းမှာ စစ်ကောင်စီတပ်က အခုလို သိမ်းဆည်း ငွေတောင်းနေတာတွေကို သတိထားကြဖို့ ဒေသခံတဦးက ပြောပါတယ်။

“ကျောက်လုပ်ငန်းနဲ့ အသက်မွေးကြရတာ။ ကျောက်တပွင့်က မြတ်လည်း အများကြီးမမြတ်ဘူး။ သူတို့ကိုပေးရတာက ဆုံးရှုံးမှုတွေ အများ​ကြီးရှိတယ်။ ကားသမားတွေကလည်း အများကြီးမရဘူး။ အသိကားသမားတယောက်ဆိုရင် ကျောက်ထုပ်တင်လာမိလို့ သိန်း ၃၀ ပေးပြီး ပြန်ရွေးခဲ့ရတယ်။”

စစ်ကောင်စီတပ်က ကျောက်မျက်ရတနာအထုပ်တွေကို ဖမ်းဆီးနေတာကြောင့် ကားသမားတွေနဲ့ Delivery Service၊ ကားဂိတ်တွေကနေ ကျောက်မျက်ရတနာအထုပ်တွေကို သယ်ယူပို့ဆောင်ပေးခြင်း မရှိတော့ဘူးလို့လည်း ပြောပါတယ်။

မိုးကုတ်မြို့မှာ ကိုဗစ်ကာလတုန်းက ကျောက်မျက်ရတနာ ထာပွဲစျေးတွေ ပိတ်သိမ်းထားရတာကြောင့် ဒေသခံတွေက အဆင်ပြေတဲ့နေရာတွေမှာ ကျောက်မျက် ရောင်းဝယ်ကြတာကို စစ်ကောင်စီတပ်က လူစုလူဝေး ပြုလုပ်တယ်လို့ဆိုကာ ခြိမ်းခြောက်တာတွေရှိတယ်လို့ ပြောပါတယ်။

အခုအချိန်မှာ စစ်ကောင်စီတပ်က ခွင့်ပြုထားတဲ့ ကျောက်မျက်ရတနာ ထာပွဲစျေးတွေမှာသာ ကျောက်ရောင်းဝယ်ရေး လုပ်ဆောင်နေကြရတယ်လို့ သိရပါတယ်။

9 hours Ago

January 6, 2020

ဇန်နဝါရီ ၅ ရက်တွင် ကျောက်စိမ်းအတွဲ ၁၁၉၂ တွဲ ရောင်းချနိုင်ခဲ့

နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမမှာ ဆက်လက်ကျင်းပနေတဲ့ ကျောက်မျက်ရတနာတွေကို  မြန်မာကျပ်ငွေနဲ့ ရောင်းချပွဲ စတုတ္ထနေ့ ဇန်နဝါရီ ၅ ရက်မှာ ကျောက်စိမ်းအတွဲပေါင်း ၁၁၉၂ တွဲ ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။  ဇန်နဝါရီ ၅ ရက်က ကျောက်စိမ်းအတွဲပေါင်း ၁၂၅၀ တွဲကို အိတ်ဖွင့်တင်ဒါစနစ်နဲ့ ရောင်းချရာမှာ ၁၁၉၂ တွဲ ရောင်းချနိုင်ခဲ့တာလို့ နိုင်ငံပိုင်သတင်းမှာ ဖော်ပြပါတယ်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေလည်း ပြပွဲကျင်းပရာ မဏိရတနာကျောက်စိမ်းခန်းမကို မနေ့က လာရောက် ကြည့်ရှုခဲ့တယ်လို့ ဆိုပါတယ်။ ပြည်တွင်း ရတနာကုန်သည်တွေဟာ ကျောက်စိမ်းအတွဲတွေကို မိမိတို့စိတ်ကြိုက် လွတ်လပ်စွာ လှည့်လည်ကြည့်ရှုရွေးချယ်ပြီး ဈေးနှုန်းအဆိုပြုလွှာတွေကို သက်ဆိုင်ရာ တင်ဒါပုံးတွေထဲ ထည့်သွင်းကြပါတယ်။ ရောင်းချပွဲကို ဇန်နဝါရီ ၇ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး ကျောက်စိမ်းအတွဲ အမှတ် (၁၂၅၁) မှ အတွဲအမှတ် (၂၅၀၀) အထိ ကျောက်စိမ်းအတွဲပေါင်း ၁၂၅၀ တွဲကို ဇန်နဝါရီ ၆ ရက်၊ ကျောက်စိမ်းအတွဲ အမှတ် (၂၅၀၁) မှ အတွဲအမှတ် ၃၆၉၅ ထိ ကျောက်စိမ်းအတွဲပေါင်း ၁၁၉၅ တွဲကို ဇန်နဝါရီ ၇ ရက်တွေမှာ အိတ်ဖွင့်တင်ဒါစနစ်နဲ့ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။ ဇန်နဝါရီ ၅ ရက်နေ့ ရောင်းချပွဲကို ပြည်တွင်းရတနာကုန်သည် ၂၀၀၀ ကျော်လာရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
3 years Ago
Up