close

မိုးကုတ်ဂိတ်များတွင် စစ်တပ်က ကျောက်မျက်များတွေ့လျှင် သိမ်းဆည်းငွေညှစ်

မန္တလေးတိုင်း၊ မိုးကုတ်မြို့က ကျောက်ကုန်သည်တွေ တင်ပို့တဲ့ ကျောက်မျက်ရတနာတွေကို စစ်ကောင်စီတပ်က လမ်းမှာ စစ်ဆေးသိမ်းဆည်းပြီးနောက် ငွေတောင်းခံတာတွေ လုပ်ဆောင်နေတယ်လို့ အမည်မဖော်လိုတဲ့ ကုန်သည်တွေက ပြောပါတယ်။

မိုးကုတ်မြို့က ကုန်သည်တွေအနေနဲ့ အွန်လိုင်းပေါ်ကနေ ကျောက်မျက်တွေ ရောင်းချပြီး ကားဂိတ်ကနေ ဝယ်သူတွေဆီ တင်ပို့တဲ့အခါ လမ်းမှာ ကားတွေကို စစ်ဆေးပြီး ကျောက်မျက်ရတနာတွေကို သိမ်းဆည်းသွားတာလို့ အမည်မဖော်လိုသူ ကုန်သည်တဦးက ပြောပါတယ်။

“လမ်းမှာ အရမ်းစစ်တယ်။ အထုပ်တွေဖောက်ပြီးတော့ကို စစ်တာ။ လူတွေလည်း လမ်းဆင်းလျှောက်ရတယ်။ အထုပ်တွေဖြည်ပြီး စစ်ဆေးတယ်။ ကျောက်မျက်ရတနာတွေ့ရင် သိမ်းတယ်။ အခွန်မဆောင်တာတွေနဲ့ ကျောက်မျက်ဥပဒေငြိတယ်ဆိုပြီး သိမ်းကြတာ။ သူတို့နဲ့ ပြန်ညှိပြီး ပိုက်ဆံပေးထုတ်ရတယ်။”

မိုးကုတ်မြို့ဟာ ကျောက်မျက်လုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုလုပ်သူ အများဆုံး နေထိုင်ကြတဲ့မြို့ ဖြစ်တာကြောင့် လမ်းမှာ စစ်ကောင်စီတပ်က အခုလို သိမ်းဆည်း ငွေတောင်းနေတာတွေကို သတိထားကြဖို့ ဒေသခံတဦးက ပြောပါတယ်။

“ကျောက်လုပ်ငန်းနဲ့ အသက်မွေးကြရတာ။ ကျောက်တပွင့်က မြတ်လည်း အများကြီးမမြတ်ဘူး။ သူတို့ကိုပေးရတာက ဆုံးရှုံးမှုတွေ အများ​ကြီးရှိတယ်။ ကားသမားတွေကလည်း အများကြီးမရဘူး။ အသိကားသမားတယောက်ဆိုရင် ကျောက်ထုပ်တင်လာမိလို့ သိန်း ၃၀ ပေးပြီး ပြန်ရွေးခဲ့ရတယ်။”

စစ်ကောင်စီတပ်က ကျောက်မျက်ရတနာအထုပ်တွေကို ဖမ်းဆီးနေတာကြောင့် ကားသမားတွေနဲ့ Delivery Service၊ ကားဂိတ်တွေကနေ ကျောက်မျက်ရတနာအထုပ်တွေကို သယ်ယူပို့ဆောင်ပေးခြင်း မရှိတော့ဘူးလို့လည်း ပြောပါတယ်။

မိုးကုတ်မြို့မှာ ကိုဗစ်ကာလတုန်းက ကျောက်မျက်ရတနာ ထာပွဲစျေးတွေ ပိတ်သိမ်းထားရတာကြောင့် ဒေသခံတွေက အဆင်ပြေတဲ့နေရာတွေမှာ ကျောက်မျက် ရောင်းဝယ်ကြတာကို စစ်ကောင်စီတပ်က လူစုလူဝေး ပြုလုပ်တယ်လို့ဆိုကာ ခြိမ်းခြောက်တာတွေရှိတယ်လို့ ပြောပါတယ်။

အခုအချိန်မှာ စစ်ကောင်စီတပ်က ခွင့်ပြုထားတဲ့ ကျောက်မျက်ရတနာ ထာပွဲစျေးတွေမှာသာ ကျောက်ရောင်းဝယ်ရေး လုပ်ဆောင်နေကြရတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up