မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းက စာသင်ကျောင်းတွေကို စစ်ကောင်စီက ပြန်လည် ဖွင့်လှစ်ခဲ့ပေမယ့် ကျောင်းသား၊ ကျောင်းသူတွေဟာ မတက်ရဲကြလို့ ကျောင်းတက်သူ မရှိသေးဘူးလို့ ကျောင်းသားမိဘတွေက ပြောပါတယ်။
ကျောင်းသားမိဘတယောက်က “ကျောင်းကို စစ်တပ်က လုံခြုံရေးယူထားပေးတာ မှန်ပေမဲ့ တဖက် PDF တွေက ပညာရေး ဝန်းထမ်တွေကို ခြိမ်းခြောက်သတိပေးထားခဲ့တယ်။ ဒီဒေသမှာ ပစ်ခတ်လာလို့ ရှိရင် ဘယ်လိုလုပ်မလဲ စိုးရိမ်ရတာပေါ့” လို့ ဆိုပါတယ်။
ဒေသခံတယောက်က “ညဖက်လမိုင်းကျောင်း နားကပ်တာ ရှိရင် ခြောက်ပစ်တာရှိတယ်။ စာသင်ကျောင်းမှာ တပ်စွဲထားတယ်။ အများကြီးဘဲ နေ့ဘက်ဆိုမထွက်ဘူး။ ညဘက်မှထွက်တာ အဲဒီရှေ့က ဘယ်သူမှ ဖြတ်မရဘူး”လို့ ပြောပါတယ်။
လက်ရှိမှာ လမိုင်း၊ မော့ကနင်၊ ကော့ဒွတ်၊ တောင်ပြင်နဲ့ တောင်ဘုံစတဲ့ စာသင်ကျောင်းတွေက ပြန်ဖွင့်လှစ်ခဲ့ပေမယ့် နှစ်ကရင်ရွာကကျောင်းအားလုံးနီးပါး မဖွင့်လှစ်ခဲ့ကြသလို ပညာရေး ဝန်းထမ်းတွေကလည်း အရပ်ဝတ်နဲ့သာ ကျောင်းကို ဆက်တက် နေပါတယ်။
စစ်တပ်တွေနဲ့ ကရင်နယ်ခြားစောင့်တပ် BGF တွေ ရေးမြောက်ပိုင်းဘက်ကို အင်အားဖြည့် ထားတာကြောင့် ဒေသခံတွေမှာ တိုက်ပွဲတွေ ထပ်မံဖြစ်လာမှာကိုလည်း စိုးရိမ်နေကြတာပါ။
ရေးမြို့နယ်မြောက်ပိုင်းမှာ စာသင်ကျောင်းပေါင်း ၁၀၀ ကျော်လောက်ရှိရာ ကျောင်းသား ထောင်ချီ လောက်ရှိနေတာပါ။
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်း အခြေခံပညာစာသင်ကျောင်းအားလုံး ပြန်ဖွင့်ဖို့ စစ်ကောင်စီက ညွှန်ကြားထားပေမဲ့ ကျောင်းတက်မယ့်ကျောင်းသူ ကျောင်းသားမရှိသလို ဆရာ ဆရာမလည်း မရှိလို့ ဖွင့်လှစ်နိုင်ခြင်းမရှိဘူးလို့ ဒေသခံတွေထံက သိရပါတယ်။
တန့်ဆည်မြို့ခံတဦးက “လွန်ခဲ့တဲ့ ၃ ရက်က တန့်ဆည်မြို့ပေါ်က အထက -၂ ကျောင်းမှာ ကျောင်းသားလည်းမရှိဘူး၊ သင်မယ့်ဆရာလည်း မလာဘူး၊ ဒါကိုစစ်တပ်ကလုံခြုံရေးလာလုပ်တယ်။ ဗုံးခွဲခံရတယ်။ ပေါက်ကွဲမှုဖြစ်ပြီး ရမ်းသန်းပစ်ခတ်လို့ အပြစ်မဲ့အမျိုးသမီးတစ်ဦး သေဆုံးသွားသေးတယ်။တချို့အရာရှိ သားသမီးတွေကတော့ နေပြည်တော်လို မြို့တွေဆီ ပြောင်းရွေ့သင်ကြားဖို့ ပြင်နေကြတယ်” လို့ ပြောပါတယ်။
တန့်ဆည်မြို့ပေါ်မှာ အစစ်အဆေးတင်းကျပ်လို့ အသွားအလာ နည်းပါးနေပြီး ပေါက်ကွဲမှုတွေလည်း မကြာခဏ ဖြစ်ပွားနေကာ နိုဝင်ဘာလ ၇ ရက် ညပိုင်းကလည်း မြို့မရဲစခန်း ပတ်ဝန်းကျင်မှာ အမည်မသိအဖွဲ့တစ်ဖွဲ့နဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။
တန့်ဆည်မြို့နယ်မှာ စာသင်ကျောင်းပေါင်း ၁၇၂ ကျောင်းရှိပြီး ပညာရေးဝန်ထမ်းပေါင်း အယောက် ၁၉၇၀ လောက်ရှိပါတယ်။ ဒီအထဲက CDM မှာပါဝင်သူ ၈၀ ရာခိုင်နှုန်းရှိပြီး Non-CDM ပညာရေးဝန်ထမ်းတချို့လည်း စစ်ကောင်စီနဲ့မပတ်သက်ရဲလို့ပုန်းရှောင်နေကြတယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ဇူလိုင်လကလည်း ကျောင်းတွေဖွင့်ဖို့ကြိုးပမ်းခဲ့သလို အခု နိုဝင်ဘာလ ၁ ရက်နေ့မှာလည်း ၂၀၂၁-၂၂ ပညာသင်နှစ်အတွက် မြို့နယ်တချို့ကလွဲလို့ နိုင်ငံတဝန်း ကျောင်းပြန်ဖွင့်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။