close

ကျောင်းသားကျောင်းသူ

close

April 25, 2023

စစ်သည်အင်အားနည်းပါးလာသည့် စစ်ကောင်စီ ကျောင်းသားများကို အခြေခံ စစ်ရေးပြသင်တန်းပေး

ကျဆုံးထွက်ပြေးမှုတွေကြောင့် စစ်သည်အင်အားနည်းပါးလာတဲ့ စစ်ကောင်စီဟာ မြို့တချို့က ကျောင်းသားကျောင်းသူတွေကို ရေကြောင်းနဲ့ လေကြောင်း သင်တန်း ခေါင်းစဉ်နဲ့ အခြေခံစစ်ရေးပြသင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးနေပါတယ်။

ရေတပ်က ဦးစီးပြီး အငယ်တန်းနဲ့ အကြီးတန်း ရေကြောင်းဆိုင်ရာသင်တန်းတွေနဲ့ လေတပ်ကဦးစီးပြီး အငယ်တန်းနဲ့ အကြီးတန်းအဆင့်သင်တန်းတွေကို မနေ့က စတင်လိုက်တာလို့ စစ်ကောင်စီဩဇာခံ ပြန်ကြားရေးသတင်းမှာ ဖော်ပြထားပါတယ်။

အဲဒီသင်တန်းတွေမှာ လက်နက်မဲ့ အခြေခံစစ်ရေးပြ၊ အခြေခံရေတပ်သားဘာသာရပ်၊ အခြေခံရေကူး၊ ရေကြောင်းလမ်းညွှန်၊ အခြေခံသဘောတရားနဲ့ နက္ခတ္တဗေဒ၊ GPS သုံးပြီး ရေကြောင်းသွားလာရေး၊ အချက်ပြဆက်သွယ်ရေး၊ အခြေခံလှေလှော်ရွက်တိုက် သင်ခန်းစာတွေ ပို့ချသွားမယ်လို့ သိရပါတယ်။

ရေကြောင်းသင်တန်းတွေကို ရန်ကုန်တိုင်းမှာ ရန်ကုန်မြို့နဲ့ ကိုကိုးကျွန်းမြို့၊ ရခိုင်ပြည်နယ်မှာ ကျောက်ဖြူမြို့နဲ့ စစ်တွေမြို့၊ ဧရာဝတီတိုင်းမှာ ပုသိမ်မြို့၊ မွန်ပြည်နယ်မှာ မော်လမြိုင်မြို့၊ တနင်္သာရီတိုင်းမှာ ဟိန်းဇဲ၊ မြိတ်မြို့နဲ့ ကျွန်းစုမြို့၊ မန္တလေးတိုင်းမှာ မန္တလေးမြို့နဲ့ ရှမ်းပြည်နယ်မှာ ကျိုင်းတုံမြို့တို့က ရေကြောင်းလူငယ် စခန်းတွေမှာ ဖွင့်လှစ်နေပါတယ်။

သင်တန်းစဖွင့်တဲ့နေ့မှာ ရန်ကုန်မြို့၊ အင်းယားရေကြောင်းလူငယ်စခန်းက သင်တန်းသား၊ သင်တန်းသူတွေကို စစ်ရေယာဉ်နဲ့ သန်လျင်မြို့က ရေတပ်လေ့ကျင့်ရေးဌာနချုပ်ကို လေ့လာရေးပို့ပေးခဲ့ပြီး ကိုကိုးကျွန်းရေကြောင်းလူငယ်စခန်းက သင်တန်းသား၊ သင်တန်းသူကိုတော့ စစ်ရေယာဉ်နဲ့ ကပ္ပလီပင်လယ်ပြင်ထဲကို ပို့ပေးခဲ့တယ်လို့ သိရပါတယ်။

သင်တန်းစခန်း ၁၁ ခုက သင်တန်းသား၊ သင်တန်းသူတွေဟာ သင်တန်း နောက်ဆုံးပတ်မှာ ရန်ကုန်မြို့မှာ စုစည်းပြီး စစ်ရေယာဉ်(မုတ္တမ)နဲ့ ပင်လယ်ဝကို လေ့လာရေးသွားဦးမယ်လို့လည်း ဆိုပါတယ်။

လေတပ်က ဦးစီးတဲ့ လေကြောင်းသင်တန်းတွေကိုတော့ မန္တလေးတိုင်းမှာ မန္တလေးမြို့နဲ့ မိတ္ထီလာမြို့၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရှမ်းပြည်နယ်မှာ ကျိုင်းတုံမြို့၊ တောင်ကြီးမြို့၊ လားရှိုးမြို့နဲ့ နမ့်စန်မြို့၊ မကွေးတိုင်းမှာ မကွေးမြို့၊ စစ်ကိုင်းတိုင်းမှာ ဟုမ္မလင်းမြို့၊ ရန်ကုန်တိုင်းမှာ မှော်ဘီမြို့နဲ့ မင်္ဂလာဒုံမြို့၊ ပဲခူးတိုင်းမှာ တောင်ငူမြို့နဲ့ ပြည်မြို့၊ တနင်္သာရီတိုင်းမှာ မြိတ်မြို့၊ ဧရာဝတီတိုင်းမှာ ပုသိမ်မြို့၊ မွန်ပြည်နယ်မှာ မော်လမြိုင်မြို့တို့မှာ ဖွင့်လှစ်နေပါတယ်။

အဲဒီသင်တန်းတွေမှာ လေကြောင်းပညာသမိုင်း၊ လေယာဉ်ပျံသန်းမှု အခြေခံ သဘောတရား၊ လေယာဉ်တည်ဆောက်မှု အခြေခံ သဘောတရား၊ လေယာဉ်စက်အုံ တည်ဆောက်မှုအခြေခံတွေ၊ လေယာဉ်ပုံစံငယ် တည်ဆောက်မှု အခြေခံတွေ၊ RC Simulartor မောင်းနှင်တာ၊ RC လေယာဉ်/ရဟတ်ယာဉ် မောင်းနှင်တာ၊ လက်နက်မဲ့ အခြေခံစစ်ပညာစတဲ့ ဘာသာရပ်တွေကို ပို့ချမယ်လို့ ဆိုပါတယ်။

ရေကြောင်းသင်တန်း ၁၁ ခုမှာ သင်တန်းသား၊ သင်တန်းသူ ၇၁၂ ယောက်၊ လေကြောင်းသင်တန်း ၁၇ ခုမှာ သင်တန်းသား၊ သင်တန်းသူ အယောက် ၆၈၀ တက်ရောက်နေပြီး သင်တန်းကာလကတော့ ဧပြီ ၂၄ ရက်နေ မေ ၁၉ ရက်ထိ ရက်သတ္တ ၄ ပတ် ကြာမယ်လို့ ဆိုပါတယ်။

နိုင်ငံတဝန်း ပြည်နယ်နဲ့ တိုင်းတွေအနှံ့ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေရာမှာ စစ်ကောင်စီတပ်တွေ အသေအပျာက်နဲ့ ထိခိုက်ဒဏ်ရာရသူတွေများပြားလာနေသလို တပ်ကထွက်ပြေးသူတွေ ပြည်သူ့ရင်ခွင်ခိုလှုံသူတွေများလာတာကြောင့် တပ်ထဲမှာ စစ်သည်အင်အားနည်းပါးလာနေတာ ဖြစ်ပါတယ်။

13 mins Ago

November 23, 2022

မြောက်ဦးတွင် ကျောင်းသူ ၁၂ ဦး အသက်ရှူကျပ်ပြီး အရေးပေါ် ဆေးရုံတင်ထားရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ကျွဲတဲ အ.ထ.ကကျောင်းက ကျောင်းသူ ၁၂ ဦး နိုဝင်ဘာ ၂၃ နက် မနက်ပိုင်းက စာသင်နေချိန်မှာ အသက်ရှူမွန်းကျပ်လာတာကြောင့် မြောင်ဘွေ့တိုက်နယ်ဆေးရုံးမှာ အရေးပေါ်ဆေးကုသမှု ခံယူနေကြရတယ်လို့ ကျွဲတဲ အ.ထ.က ကျောင်းမှ ဆရာတဦးက ပြောပါတယ်။

အခု အသက်ရှူမွန်းကျပ်ပြီး ဆေးကုသမှု ခံယူနေကြရသူတွေအားလုံးဟာ ကျောင်းသူတွေ ဖြစ်ကြပြီး ဘာကြောင့် အသက်ရှူမွန်းကျပ်လာကြတယ်ဆိုတာ မသိကြသေးဘူးလို့ ကျွဲတဲ အ.ထ.က က အထက်တန်းပြဆရာတဦးဖြစ်တဲ့ ဦးရွှေထွန်းကျော်က ပြောပါတယ်။

“ကလေးတွေက ကျောင်းတက်ဖို့ ရောက်ခါစပဲ ရှိကြသေးတယ်။ အဲဒီမှာ နဂိုရောဂါအခံရှိတဲ့ ကျောင်းသူတဦးက စပြီး အသက်ရှူ မွန်းကျပ်လာပြီးတော့ နောက်ထပ် ‌ရောဂါအခံရှိတဲ့ ကျောင်းသူနှစ်ဦး၊ သုံးဦးက ထပ်ပြီး မွန်းကျပ်လာကြတာဖြစ်တယ်။ အဲဒီနောက် ကျောင်းသူ နောက်ထပ် သုံးလေးယောက် တိုးလာပြီး အဲဒီလိုဖြစ်လာတဲ့ ကျောင်းသူတွေကို မြောင်ဘွေ့ဆေးရုံကို အရေးပေါ်ပို့ဆောင်လိုက်ရတယ်။ ကျောင်းကိုလည်း အဲဒီအချိန်ကတည်းက လွှတ်လိုက်ရတယ်။ နောက်ထပ် အိမ်ကိုရောက်ပြီး အသက်ရှူမွန်းကျပ်လာတဲ့သူတွေလည်း ရှိတယ်။ ဆေးရုံတင်ထားရတာ အားလုံးပေါင်းက ၁၂ ယောက် ရှိတယ်။ ဘာကြောင့်ဖြစ်တယ်ဆိုတာလည်း မသိရသေဘူး။”

အသက်ရှူမွန်းကျပ်တာကြောင့် ဆေးကုသမှုခံယူနေကြရသူတွေကတော့  Grade 10 ကျောင်းသူ ၇ ဦး  Grade 9 ကျောင်းသူ တဦး၊ Grade 7 ကျောင်းသူ ၄ ဦးတို့  ဖြစ်ကြပါတယ်။

အဆိုပါကျောင်းသူ ၁၂ ဦးရဲ့ ရောဂါအခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းဖို့ မြောင်ဘွေ တိုက်နယ်ဆေးရုံ ဆရာဝန်ကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားခဲ့ခြင်း မရှိပါဘူး။

ကျွဲတဲ အ.ထ.က ကျောင်းမှာ မူလတန်းမှ အထက်တန်းအထိ ကျောင်းသား ကျောင်းသူ ၅၀၀ ကျော်လောက် ပညာသင်ကြားနေတယ်လို့ သိရပါတယ်။

5 months Ago
Up