close

မြောက်ဦးတွင် ကျောင်းသူ ၁၂ ဦး အသက်ရှူကျပ်ပြီး အရေးပေါ် ဆေးရုံတင်ထားရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ကျွဲတဲ အ.ထ.ကကျောင်းက ကျောင်းသူ ၁၂ ဦး နိုဝင်ဘာ ၂၃ နက် မနက်ပိုင်းက စာသင်နေချိန်မှာ အသက်ရှူမွန်းကျပ်လာတာကြောင့် မြောင်ဘွေ့တိုက်နယ်ဆေးရုံးမှာ အရေးပေါ်ဆေးကုသမှု ခံယူနေကြရတယ်လို့ ကျွဲတဲ အ.ထ.က ကျောင်းမှ ဆရာတဦးက ပြောပါတယ်။

အခု အသက်ရှူမွန်းကျပ်ပြီး ဆေးကုသမှု ခံယူနေကြရသူတွေအားလုံးဟာ ကျောင်းသူတွေ ဖြစ်ကြပြီး ဘာကြောင့် အသက်ရှူမွန်းကျပ်လာကြတယ်ဆိုတာ မသိကြသေးဘူးလို့ ကျွဲတဲ အ.ထ.က က အထက်တန်းပြဆရာတဦးဖြစ်တဲ့ ဦးရွှေထွန်းကျော်က ပြောပါတယ်။

“ကလေးတွေက ကျောင်းတက်ဖို့ ရောက်ခါစပဲ ရှိကြသေးတယ်။ အဲဒီမှာ နဂိုရောဂါအခံရှိတဲ့ ကျောင်းသူတဦးက စပြီး အသက်ရှူ မွန်းကျပ်လာပြီးတော့ နောက်ထပ် ‌ရောဂါအခံရှိတဲ့ ကျောင်းသူနှစ်ဦး၊ သုံးဦးက ထပ်ပြီး မွန်းကျပ်လာကြတာဖြစ်တယ်။ အဲဒီနောက် ကျောင်းသူ နောက်ထပ် သုံးလေးယောက် တိုးလာပြီး အဲဒီလိုဖြစ်လာတဲ့ ကျောင်းသူတွေကို မြောင်ဘွေ့ဆေးရုံကို အရေးပေါ်ပို့ဆောင်လိုက်ရတယ်။ ကျောင်းကိုလည်း အဲဒီအချိန်ကတည်းက လွှတ်လိုက်ရတယ်။ နောက်ထပ် အိမ်ကိုရောက်ပြီး အသက်ရှူမွန်းကျပ်လာတဲ့သူတွေလည်း ရှိတယ်။ ဆေးရုံတင်ထားရတာ အားလုံးပေါင်းက ၁၂ ယောက် ရှိတယ်။ ဘာကြောင့်ဖြစ်တယ်ဆိုတာလည်း မသိရသေဘူး။”

အသက်ရှူမွန်းကျပ်တာကြောင့် ဆေးကုသမှုခံယူနေကြရသူတွေကတော့  Grade 10 ကျောင်းသူ ၇ ဦး  Grade 9 ကျောင်းသူ တဦး၊ Grade 7 ကျောင်းသူ ၄ ဦးတို့  ဖြစ်ကြပါတယ်။

အဆိုပါကျောင်းသူ ၁၂ ဦးရဲ့ ရောဂါအခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းဖို့ မြောင်ဘွေ တိုက်နယ်ဆေးရုံ ဆရာဝန်ကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားခဲ့ခြင်း မရှိပါဘူး။

ကျွဲတဲ အ.ထ.က ကျောင်းမှာ မူလတန်းမှ အထက်တန်းအထိ ကျောင်းသား ကျောင်းသူ ၅၀၀ ကျော်လောက် ပညာသင်ကြားနေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up