နေပြည်တော်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေပြီးသွားတဲ့ ကျောင်းသားတွေကို စစ်ကောင်စီ ဩဇာခံအဖွဲ့အစည်းတချို့ တပ်မတော်နေ့ အထိမ်းအမှတ်ဆိုပြီး ဝါဒဖြန့် လက်ကမ်းစာစောင်တွေ လိုက်ဝေနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်ကောင်စီ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဝန်ထမ်းတွေက နေပြည်တော်အတွင်း မတ်လ ၁၅ ရက်နေ့မှာ တက္ကသိုလ်ဝင်တန်း ဇီဝဗေဒဘာသာရပ်ဖြေဆိုပြီးတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို အဓိကထားပြီး လက်ကမ်းစာစောင်တွေ လိုက်ဝေနေတာပါ။
ပျဉ်းမနားမြို့နယ်အတွင်း နေထိုင်သူတစ်ဦးက “ကလေးတွေကို အဓိကထားပြီး ဝါဒဖြန့်တာပေါ့။ ပြီးခဲ့တဲ့နှစ်တွေတုန်းက စစ်တက္ကသိုလ်တက်တဲ့သူ တော်တော်နည်းသွားတယ်လို့ ကြားရတယ်။ အဲ့တာကြောင့် အခုဆယ်တန်းဖြေပြီးတဲ့ ကလေးတွေကို စည်းရုံးတာနေမှာပေါ့။ အခုချိန်မှာ ကလေးတော်တော်များများကတော့ အဲဒီတက္ကသိုလ်တွေ တက်ဖို့ စိတ်မပါကြတော့ပါဘူး’’လို့ ပြောပါတယ်။
တက္ကသိုလ်ဝင်တန်းဖြေပြီးသွားတဲ့ ကျောင်းသားကျောင်းသူတွေကို လာရောက်ဝေသွားခဲ့တဲ့ လက်ကမ်းစာစောင်အတွင်းမှာ (၇၈) နှစ်ပြည့် တပ်မတော်နေ့ ဦးတည်ချက်တွေ၊ တပ်မတော်အား (၁၀) ပါး၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ပြီးခဲ့တဲ့ (၇၇) နှစ်ပြည့်တုန်းက ပြောခဲ့တဲ့ မိန့်ခွန်းကောက်နုတ်ချက်နဲ့ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ မိန့်ခွန်းကောက်နုတ်ချက်တွေ ပါဝင်တယ်လို့လည်း သိရပါတယ်။
စစ်အာဏာသိမ်းပြီး ၁၁ လတာ ကာလအတွင်း ထားဝယ်တက္ကသိုလ် ကျောင်းသား ကျောင်းသူ ၃၁ ယောက်နဲ့ ဆရာမ တယောက်တို့ကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ထားဝယ်တက္ကသိုလ် ကျေင်းသားများသမဂ္ဂနဲ့ ဘာသာရပ်ဆိုင်ရာ ကျောင်းသားအဖွဲ့အစည်းအသီးသီးရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
အဲဒီလို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခံရသူတွေထဲက ကျောင်းသားကျောင်းသူ ၈ ယောက်နဲ့ ဆရာမတယောက်တို့ကို ပြန်လွှတ်ပေးခဲ့ပြီး ကျန်တဲ့ ၂၃ ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို ဖမ်းဆီးထိန်းသိမ်းခံရတာနဲ့ပတ်သက်လို့ ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုဝေယံဟိန်းက “ပညာရှိနည်းနဲ့ ဆန့်ကျင်တဲ့သူတွေကို မတရားလက်နက်အားကိုးနဲ့ ဖမ်းဆီးတာမျိုး မြင်တယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူ အများစုဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွေမှာ ပါဝင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခံရတာဖြစ်ပြီး စစ်သင်တန်းတက်ရောက်တာနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့တယ်လို့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံရသူတွေလည်း ပါဝင်ပါတယ်။
လက်ရှိ ဖမ်းဆီးခံရသူတွေထဲမှာ ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း၊ အတွင်းရေးမှူးနဲ့ တွဲဖက်ပြန်ကြားရေးတာဝန်ခံ အပါအဝင် အခြားကျောင်းသားတွေလည်း ပါဝင်နေပြီး မှတ်တမ်းစာရင်းဝင် လူမသိသူမသိ ဖမ်းခံရသူတွေလည်း ရှိနိုင်တယ်လို့ ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌက ဆိုပါတယ်။
အဲဒီလို ဖမ်းဆီးခံရသူတွေထဲက တချို့ကို စစ်ကောင်စီက ထောင်တွင်းတရားရုံးတွေကနေတဆင့် ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ပြီး အဲဒီထဲက အဝေးသင်ကျောင်းသားတဦးကိုတော့ အမြင့်ဆုံး ပြစ်ဒဏ် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ထားပါတယ်။