close

စစ်တပ်အာဏာသိမ်းပြီးနောက် ထားဝယ်က ကျောင်းသား ၂၀ ကျော် ဖမ်းဆီးခံထားရ

စစ်အာဏာသိမ်းပြီး ၁၁ လတာ ကာလအတွင်း ထားဝယ်တက္ကသိုလ် ကျောင်းသား ကျောင်းသူ ၃၁ ယောက်နဲ့ ဆရာမ တယောက်တို့ကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ထားဝယ်တက္ကသိုလ် ကျေင်းသားများသမဂ္ဂနဲ့ ဘာသာရပ်ဆိုင်ရာ ကျောင်းသားအဖွဲ့အစည်းအသီးသီးရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အဲဒီလို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခံရသူတွေထဲက ကျောင်းသားကျောင်းသူ ၈ ယောက်နဲ့ ဆရာမတယောက်တို့ကို ပြန်လွှတ်ပေးခဲ့ပြီး ကျန်တဲ့ ၂၃ ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ဖမ်းဆီးထိန်းသိမ်းခံရတာနဲ့ပတ်သက်လို့ ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုဝေယံဟိန်းက “ပညာရှိနည်းနဲ့ ဆန့်ကျင်တဲ့သူတွေကို မတရားလက်နက်အားကိုးနဲ့ ဖမ်းဆီးတာမျိုး မြင်တယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူ အများစုဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွေမှာ ပါဝင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခံရတာဖြစ်ပြီး စစ်သင်တန်းတက်ရောက်တာနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့တယ်လို့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံရသူတွေလည်း ပါဝင်ပါတယ်။

လက်ရှိ ဖမ်းဆီးခံရသူတွေထဲမှာ ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း၊ အတွင်းရေးမှူးနဲ့ တွဲဖက်ပြန်ကြားရေးတာဝန်ခံ အပါအဝင် အခြားကျောင်းသားတွေလည်း ပါဝင်နေပြီး မှတ်တမ်းစာရင်းဝင် လူမသိသူမသိ ဖမ်းခံရသူတွေလည်း ရှိနိုင်တယ်လို့ ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌက ဆိုပါတယ်။

အဲဒီလို ဖမ်းဆီးခံရသူတွေထဲက တချို့ကို စစ်ကောင်စီက ထောင်တွင်းတရားရုံးတွေကနေတဆင့် ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ပြီး အဲဒီထဲက အဝေးသင်ကျောင်းသားတဦးကိုတော့ အမြင့်ဆုံး ပြစ်ဒဏ် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up