အီရန်နိုင်ငံမှာ မကြာသေးမီလတွေက ရာနဲ့ချီတဲ့ကျောင်းသူတွေ အဆိပ်သင့်ခဲ့တာနဲ့ ပတ်သက်လို့ အခုချိန်အထိ ရှင်းမပြနိုင်တဲ့ နာမကျန်းမှုတွေအပေါ် ကျောင်းသားတွေအနေနဲ့ စိုးရိမ်ထိတ်လန့်နေပြီး အဆိပ်သင့်သူတွေ မလှုပ်မရှားနိုင် ဖြစ်နေကြတယ်လို့ ပြောဆိုကြပါတယ်။
အီရန်တာဝန်ရှိသူတွေကတော့ ဒီမိန်းကလေးငယ်တွေဟာ အဆိပ်ခတ်ခံရတာ ဖြစ်နိုင်တယ်လို့ ယုံကြည်ထားပြီး အီရန်အစိုးရရဲ့ ရန်သူတွေအပေါ် အပြစ်တင်ခဲ့ပါတယ်။
ကျောင်းသူတဦးက “ခန္ဓာကိုယ်ထဲမှာ အလွန်ပြင်းထန်တဲ့ ထုံကျင်မှုကို ခံစားနေရပြီး လမ်းတောင် လုံးဝမလျှောက်နိုင်ပါဘူး” လို့ ပြောပါတယ်။
နောက်တဦးကလည်း “အစာအိမ်ထဲမှာ ပူလောင်နေသလို ခံစားရပြီး သတိလည်း လစ်နေခဲ့တယ်” လို့ ဆိုပါတယ်။
အီရန်ကျန်းမာရေးဝန်ကြီးကလည်း ဒီအမျိုးသမီးငယ်တွေဟာ “သိပ်မပြင်းထန်တဲ့ အဆိပ်” နဲ့ တိုက်ခိုက်တာကို ခံစားနေရတာလို့ မှတ်ချက်ပေးပါတယ်။
သဘောထားတင်းမာတဲ့ အစ္စလာမ္မမ်အဖွဲ့တွေက အမျိုးသမီးတွေရဲ့ ပညာရေးကို ဆန့်ကျင်တဲ့အနေနဲ့ ပစ်မှတ်ထား လုပ်ဆောင်ခဲ့တာ ဖြစ်နိုင်တယ်လို့ တချို့နိုင်ငံရေးသမားတွေက အကြုံပြုခဲ့ကြပါတယ်။
မတ် ၄ ရက်အထိ အီရန်နိုင်ငံရဲ့ ပြည်နယ် ၃၁ ခုထဲက အနည်းဆုံး ပြည်နယ် ၁၀ ခုမှာရှိတဲ့ ကျောင်းပေါင်း ၃၀ ကျော်မှာ ဒီလိုဖျားနာတာတွေ ဖြစ်ခဲ့ပါတယ်။
မိဘတွေက ကလေးတွေကို အိမ်ပြန်ခေါ်နိုင်ဖို့ ကျောင်းတွေမှာ စုဝေးရောက်ရှိလာကြပြီး တချို့ကျောင်းသားတွေကိုတော့ လူနာတင်ယာဉ် ဒါမှမဟုတ် ဘတ်စ်ကားတွေနဲ့ ဆေးရုံဆီ ခေါ်ဆောင်သွားကြတာကို လူမှုကွန်ရက်ပေါ်မှာတင်ထားတဲ့ ဗီဒီယိုတွေထဲမှာ တွေ့ရပါတယ်။
နေပြည်တော်၊ ပုဗ္ဗသီရိမြို့၊ မင်္ဂလာဒီပရပ်ကွက်မှာ ဖေဖော်ဝါရီ ၁ ရက်က ခေတ်ရှေ့ဆောင် ကိုယ်ပိုင်အထက်တန်းကျောင်းရဲ့ ပေ ၅၀ အမြင့်ရှိ သုံးထပ်ကျောင်းခေါင်မိုးပေါ်ကနေ ခုန်ချတော့မယ့် ကျောင်းသူကို ကယ်ဆယ်ရာက ဆရာဖြစ်သူပါ ပြုတ်ကျသေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
သေဆုံးသူ ၁၆ နှစ်အရွယ် မိန်းကလေးဟာ ညနေ ၄ နာရီ ကျောင်းဆင်းချိန်မှာ ကျောင်းခေါင်မိုးရဲ့ အပေါ်ကို တက်သွားတာဖြစ်ပြီး ခုန်ချဖို့ အောက်ကိုလျှောချနေချိန်မှာ အသက် ၂၂ နှစ်အရွယ် ကွန်ပျုတာဘာသာရပ်ဆရာက ခေါင်မိုးပေါ်လိုက်တက်ပြီး လှမ်းဆွဲရာ နှစ်ဦးစလုံး မြေပြင်ပေါ်ပြုတ်ကျခဲ့တာလို့ ဆိုပါတယ်။
ပုဗ္ဗသီရိမြို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက “ကျောင်းသွားကြိုရင်းနဲ့ ညနေ ၄ နာရီ မိနစ် ၂၀ ဝန်းကျင်လောက်မှာ ဖြစ်တာပါ။ ပြုတ်ကျတဲ့နေရာရောက်တော့ အဲ့က ဆရာလေးကို အရင်ဆုံးစစ်ပါတယ်။ ဘယ်ဘက်လက်ဖျံတချောင်း ကျိုးထားတယ်။ စစ်လိုက်တော့ မရတော့ဘူးပေါ့။ နားတွေ နှာခေါင်းတွေထဲကနေ သွေးတွေထွက်တာများပြီးတော့ မရတော့ဘူးလို့ သုံးသပ်တယ်။ နောက်တယောက် ထပ်စစ်တော့လည်း ခေါင်းမှာ ဒဏ်ရာတွေ များတယ်ပေါ့။ ချက်ချင်း ဆေးရုံပို့ပေမဲ့လည်း ဒဏ်ရာကပြင်းတာပေါ့။ ဟိုကိုအရောက် လိုအပ်တာလုပ်ပေမဲ့လည်း မမီဘူးပေါ့။ ဆရာလေးက ဇက်ကျိုးထားတာ။ ၅ နာရီဝန်းကျင်မှာ ဆုံးသွားပါတယ်။ သမီးငယ်လေးကို ထပ်စစ်တော့ ချက်ချင်း ဦးနှောက်နဲ့ အာရုံကြောဌာနမှာ အော်ပရေးရှင်းလုပ်၊ စီစဉ်ပေမဲ့ ညနေ ၅ နာရီ ၂၀ မှာ ဆုံးသွားပါတယ်” လို့ ပြောပါတယ်။
အဆိုပါကျောင်းမှာ စီစီတီဗွီကင်မရာနဲ့ လုံခြုံရေးတွေလည်းရှိပြီး ခေါင်မိုးပေါ်တက်တဲ့တံခါးကို သော့အမြဲခတ်ထားကြောင်း၊ သေဆုံးသွားတဲ့ ကျောင်းသူက ဘယ်လိုတက်လို့ရသွားတယ် ဆိုတာနဲ့ အဆောက်အဦပေါ်ကနေ ဘာကြောင့်ခုန်ချတယ်ဆိုတာကို မသိရသေးပါဘူး။
ကျောင်းတာဝန်ရှိသူတွေက အခုချိန်အထိ ကျောင်းသားမိဘတွေဆီ ရှင်းလင်းချက်တစုံတရာ မရှိသေးဘဲ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အဆိုပါကျောင်းကို ဆက်သွယ်မေးမြန်းပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။
သေဆုံးသွားတဲ့ ကျောင်းသူနဲ့ ဆရာဖြစ်သူကို ဖေဖော်ဝါရီ ၃ ရက် ညနေ ၃ နာရီက နေပြည်တော် ကွေ့ကြီးသုသာန်မှာ မီးသင်္ဂြိုဟ်မယ်လို့ သိရပါတယ်။