close

ကျောင်းအပ်နှံမှု

close

January 31, 2023

အဝေးသင်တက္ကသိုလ် ပွဲစားဖြင့် ကျောင်းအပ်နှံမှုပိုများလာ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြန်လည်ဖွင့်လှစ်လာတဲ့ အဝေးသင်တက္ကသိုလ်တွေကို တက်ရောက်မယ့် ကျောင်းသားကျောင်းသူတွေဟာ ကျောင်းအပ်ရာမှာ ကိုယ်တိုင်ကိုယ်ကျ အပ်နှံတာထက် ပွဲစားနဲ့ အပ်နှံတာတွေပိုမိုပြုလုပ်လာပြီး  ကျောင်းအပ်ပေးနေတဲ့ ပွဲစားတွေထံက သိရပါတယ်။

စစ်အာဏာမသိမ်းခင်က ဖွင့်လှစ်တဲ့ အဝေးသင်တက္ကသိုလ်သင်တန်းတွေကို တက်ရောက်တဲ့ ကျောင်းသားကျောင်းသူတွေက ကျောင်းအပ်ချိန်မှာ ကိုယ်တိုင်ကိုယ်ကျ အပ်နှံတာများခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ဖွင့်လှစ်တဲ့ အဝေးသင်တက္ကသိုလ်သင်တန်းတွေကိုတော့ ပွဲစားတွေကနေတဆင့် ကျောင်းအပ်တာတွေ ပိုမိုပြုလုပ်လာပြီး ကျောင်းအပ်တဲ့ ဈေးကွက်ကလည်း ပိုမိုကျယ်ပြန့်လာတယ်လို့ ပွဲစားတွေကပြောပါတယ်။

အာဏာမသိမ်းခင်က အဝေးသင်တက္ကသိုလ် ကျောင်းအပ်ခတွေဟာ ကျပ် ၂၀၀၀၀ ဝန်းကျင်သာရှိခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်းပြန်လည်ဖွင့်လှစ်တဲ့ အဝေးသင်တက္ကသိုလ်ကျောင်းအပ်ခတွေကတော့ ကျပ် ၅၀၀၀၀ လောက်အထိမြင့်တက်ခဲ့ပြီး ကျောင်းအပ်ပေးတဲ့ ပွဲစားတွေကိုလည်း ကျပ် ၅၀၀၀၀ လောက်ထပ်မံပေးနေရတဲ့အတွက် အဝေးသင်တက္ကသိုလ် ကျောင်းအပ်ခဟာ ကျပ် ၁ သိန်းလောက်အထိ ကုန်ကျနေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် စာစဉ်ဖြေဆိုတာတွေကိုလည်း ကိုယ်တိုင်မဖြေဆိုပဲ ကိုယ်စားဖြေဆိုခိုင်းစေတာတွေ လုပ်မယ်ဆိုပါက စာစဉ်ဖြေဆိုခအဖြစ် ကျပ် ၄၀၀၀၀ လောက် ပေါက်ဈေးရှိနေတယ်လို့လည်း သိရပါတယ်။

အခုနှစ်မှာ အဝေးသင်တက္ကသိုလ်တက်မယ်ဆိုရင် ဝိဇ္ဇာဘာသာတွဲအတွက် ကျောင်းအပ်ခ ကျပ် ၄၆၅၀၀ ကုန်ပြီး၊ သိပ္ပံဘာသာတွဲအတွက် ကျပ် ၄၇၀၀၀ လောက်ကုန်ကျမှာဖြစ်ပြီး ဇန်နဝါရီလ ၃၁ ရက်နေ့ နောက်ဆုံးထားကျောင်းအပ်ရမယ်လို့ အဝေးသင်တက္ကသိုလ်တွေက ကြေညာထား ပါတယ်။ 

5 mins Ago

May 27, 2022

ရေးမြို့နယ်တွင် လုံခြုံရေးစိုးရိမ်ရသဖြင့် မိဘများက ကလေးများကို ကျောင်းမအပ်ရဲသေး

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ အခြေခံပညာကျောင်းတွေမှာ မေ ၂၆ ရက်က စတင် ပြီး ကျောင်းအပ်လက်ခံနေပေမယ့် လုံခြုံရေးအခြေအနေ စိုးရိမ်တာကြောင့် မိဘတွေက ကလေးတွေကို ကျောင်းမအပ်ရဲကြဘူးလို့ ကျောင်းသားမိဘတချို့က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း စစ်အာဏာရှင်ကို အာဏာဖီဆန်လို့ ကျောင်းသားအများစု ကျောင်းကို မတက်ရောက်နိုင်ခဲ့တာကြောင့် အခုပညာသင်နှစ်မှာတော့ ကလေးရဲ့ ပညာရေးတွေ ထပ်ပြီး မဆုံးရှုံးစေချင်ဘူးလို့ ကျောင်းသားမိဘတဦးက ပြောပါတယ်။

ဒါပေမဲ့ လက်ရှိ လုံခြုံရေးအခြေနေတွေကြောင့် ကလေးတွေကို ကျောင်းအပ်ပြီး ကျောင်းပေးတက်ရမှာကို စိုးရိမ်တယ်လို့ ဆိုပါတယ်။ 

ရေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းတွေက ပညာရေးဝန်ထမ်းတွေကို လာမယ့် ဇွန် ၁ ရက်အထိ CDM ပြုလုပ်ဖို့ ရေးဘီးလူးအဖွဲ့သားတွေက နောက်ဆုံးသတိပေးထားပြီး လိုက်နာတာ မရှိပါက ဗုံးခွဲတာတွေ လုပ်ဆောင်သွားမယ်လို့ မေ ၂၆ ရက်မှာ လူမှုကွန်ရက် စာမျက်နှာကနေတဆင့် ပြောထားပါတယ်။

CDM ​ကျောင်းသား၊ ကျောင်းသူတွေနဲ့ ရေးမြို့နယ်ပညာ​ရေးဘုတ်အဖွဲ့ဟာ စစ်ကောင်စီက ဖွင့်လှစ်တဲ့​ကျောင်းကို မတက်လို​တဲ့ ​ကျောင်းသား၊ ​ကျောင်းသူတွေအတွက် NUG-MOE အစိုးရရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ ​Yarmanya Federal Education School ကို မွန်ပြည်နယ် ၁၀ မြို့နယ်မှ ပညာ​ရေးဘုတ်အဖွဲ့တွေနဲ့ ပူး​​ပေါင်းဖွဲ့စည်းခဲ့ပြီး မေ ၂၃ ရက်က စတင်ပြီး ကျောင်းအပ် လက်ခံပြီလို့ ထုတ်ပြန်ထားပါတယ်။

8 months Ago
Up