ရေးမြို့နယ်တွင် လုံခြုံရေးစိုးရိမ်ရသဖြင့် မိဘများက ကလေးများကို ကျောင်းမအပ်ရဲသေး

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ အခြေခံပညာကျောင်းတွေမှာ မေ ၂၆ ရက်က စတင် ပြီး ကျောင်းအပ်လက်ခံနေပေမယ့် လုံခြုံရေးအခြေအနေ စိုးရိမ်တာကြောင့် မိဘတွေက ကလေးတွေကို ကျောင်းမအပ်ရဲကြဘူးလို့ ကျောင်းသားမိဘတချို့က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း စစ်အာဏာရှင်ကို အာဏာဖီဆန်လို့ ကျောင်းသားအများစု ကျောင်းကို မတက်ရောက်နိုင်ခဲ့တာကြောင့် အခုပညာသင်နှစ်မှာတော့ ကလေးရဲ့ ပညာရေးတွေ ထပ်ပြီး မဆုံးရှုံးစေချင်ဘူးလို့ ကျောင်းသားမိဘတဦးက ပြောပါတယ်။
ဒါပေမဲ့ လက်ရှိ လုံခြုံရေးအခြေနေတွေကြောင့် ကလေးတွေကို ကျောင်းအပ်ပြီး ကျောင်းပေးတက်ရမှာကို စိုးရိမ်တယ်လို့ ဆိုပါတယ်။
ရေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းတွေက ပညာရေးဝန်ထမ်းတွေကို လာမယ့် ဇွန် ၁ ရက်အထိ CDM ပြုလုပ်ဖို့ ရေးဘီးလူးအဖွဲ့သားတွေက နောက်ဆုံးသတိပေးထားပြီး လိုက်နာတာ မရှိပါက ဗုံးခွဲတာတွေ လုပ်ဆောင်သွားမယ်လို့ မေ ၂၆ ရက်မှာ လူမှုကွန်ရက် စာမျက်နှာကနေတဆင့် ပြောထားပါတယ်။
CDM ကျောင်းသား၊ ကျောင်းသူတွေနဲ့ ရေးမြို့နယ်ပညာရေးဘုတ်အဖွဲ့ဟာ စစ်ကောင်စီက ဖွင့်လှစ်တဲ့ကျောင်းကို မတက်လိုတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် NUG-MOE အစိုးရရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ Yarmanya Federal Education School ကို မွန်ပြည်နယ် ၁၀ မြို့နယ်မှ ပညာရေးဘုတ်အဖွဲ့တွေနဲ့ ပူးပေါင်းဖွဲ့စည်းခဲ့ပြီး မေ ၂၃ ရက်က စတင်ပြီး ကျောင်းအပ် လက်ခံပြီလို့ ထုတ်ပြန်ထားပါတယ်။