close

ကြက်ငှက်တုပ်ကွေး

close

April 25, 2023

ချီလီတွင် ကြက်ငှပ်တုပ်ကွေးရောဂါကြောင့် ကြက်ကောင်ရေသန်းချီ မြေမြှုပ်

ချီလီနိုင်ငံမှာ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေလို့ ကြက်အကောင်ရေ တသန်းလောက်ကို မြေမြှုပ်လိုက်ရပြီး ကြက်မွေးမြူရေးခြံတွေ အကျပ်အတည်း တွေ့ရတဲ့အပြင် ကြက်ဥဈေးနှုန်းတွေလည်း ထိုးတက်သွားပါတယ်။

ကြက်ငှက်တုပ်ကွေးကြောင့် သေဆုံးတဲ့ ငှက် ၁ သန်းမှာ ၇ သိန်းလောက်က ဥ, ဥတဲ့ ကြက်ငှက်တွေဖြစ်တယ်လို့ စိုက်ပျိုးရေးဝန်ကြီး အက်စ်တယ်ဘန် ဗလန်ဇွယ်လာက ပြောပါတယ်။

ကြက်ဥထုတ်လုပ်ရေးစက်ရုံ ၅ ရုံ ထိခိုက်မှုဖြစ်ခဲ့ရပြီး ဘီယိုဘီယိုနယ်မြေက စက်ရုံ ၃ ရုံနဲ့ မောင်းလယ်ဒေသက စက်ရုံ ၂ ရုံတို့ဖြစ်ကြောင်း စိုက်ပျိုးရေးနဲ့ မွေးမြူရေးဌာန ကြက်ငှက်တုပ်ကွေးဆိုင်ရာ ယူနစ်ရဲ့ အကြီးအကဲက ပြောပါတယ်။

ပြည်တွင်းသတင်းတွေအရ ကြက်ဥဈေးနှုန်းဟာ မနှစ်ကထက် ၃၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တကမ္ဘာလုံးက ကြက်ဥဈေးနှုန်းတွေ ထိုးတက်သွားတာကိုလည်း စောင့်ကြည့်ခဲ့ကြပါတယ်။

ပြည်တွင်းက စျေးဝယ်သူ၊ ပါမောက္ခ ဂျူးဒစ်သ် ဗာဂါ့စ်ကတော့ သူဟာ ကြက်ဥကို လျှော့စားနေပြီး ဈေးထဲမှာလည်း ကြက်သားတွေ နည်းနေတာကို တွေ့ရကြောင်းနဲ့ အဲဒါတွေကို မဝယ်ဖို့ ရှောင်နေပြီလို့ ဆိုပါတယ်။

စျေးကွက်စည်းရုံးရေးမှူး အဒ်ဒွာဒို ဆာဒါးကလည်း အရင်က သူ ချီလီပီဆို ၅,၀၀၀-၅,၅၀၀ ဖိုး ဝယ်နေကျကို အခု ပီဆို ၇,၀၀၀ ပေးနေရပြီး ဈေးတွေ အရမ်းတက်နေတာလို့ ပြောပါတယ်။

ချီလီနိုင်ငံဟာ မနှစ်နှောင်းပိုင်းကတည်းက တောရိုင်းတိရစ္ဆာန်တွေမှာ H5N1 ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့ပါတယ်။ မကြာသေးခင်က မွေးမြူရေးလုပ်ငန်းလောကမှာ H5N1 ဖြစ်ပွားမှုတွေကြောင့် ချီလီအစိုးရက ကြက်တင်ပို့မှုကို ရပ်ဆိုင်းခဲ့ပါတယ်။

အာဂျင်တီးနားက မွေးမြူရေးကြက်ခြံတွေမှာ H5N1 ကူးစက်မှုတွေကို စစ်ဆေးတွေ့ရှိခဲ့ပေမဲ့ ကမ္ဘာ့ ကြက်ငှက်တင်ပို့မှု အများဆုံးနိုင်ငံဖြစ်တဲ့ ဘရာဇီးမှာတော့ ကူးစက်ရောဂါ ကင်းစင်နေဆဲ ဖြစ်ပါတယ်။

H5N1 ဗိုင်းရပ်စ်ဟာ ငှက် သို့မဟုတ် နို့တိုက် ရေသတ္တဝါတွေကနေ လူကို ကူးစက်နိုင်ပေမဲ့ လူကနေ လူကို ကူးစက်ခြင်းမရှိသေးကြောင်း ချီလီကျန်းမာရေးအာဏာပိုင်တွေက မှတ်ချက်ပြုထားပါတယ်။

12 mins Ago

April 24, 2023

ချီလီလင်းပိုင်များ ကြက်ငှက်တုပ်ကွေးရောဂါကူးစက်ခံရ

တိုးပွားလာတဲ့ လေထုညစ်ညမ်းမှု၊ စက်မှုလုပ်ငန်းတွေနဲ့ ခုတခါ ကြက်ငှက်တုပ်ကွေးရောဂါဟာ ချီလီနိုင်ငံအနောက်ဘက် ကမ်းရိုးတန်း အေးတဲ့ပစိဖိတ်ရေပြင်မှာရှိတဲ့ ကမ္ဘာ့အသေးဆုံး နို့တိုက် ပင်လယ်သတ္တဝါ ချီလီလင်းပိုင်တွေကို ခြိမ်းခြောက် နေပါတယ်။

တိုနီနာနေဂရာလို့ သိကြတဲ့ လင်းပိုင်ဦးရေ နည်းနည်းဟာ ချီလီတောင်ပိုင်းနဲ့ အလယ်ပိုင်း ကမ်းရိုးတန်း တလျှောက်မှာ နေထိုင်ကြပြီး ပင်လယ်တွင်း မွေးမြူရေးနဲ့ ပင်လယ်ရေမှော် ထုတ်ယူတဲ့ စက်မှုလုပ်ငန်းတွေအတွက် သုံးတဲ့ ပင်လယ်အော်တွေမှာလည်း နေထိုင်ကြပါတယ်။

ချီလီရဲ့ ရှည်လျားတဲ့ ကမ်းရိုးတန်းဟာ ကမ္ဘာ့ငါးနဲ့ ရေထွက်သီးနှံတွေ တင်ပို့ရောင်းချတဲ့ ထိပ်တန်းနိုင်ငံ ဖြစ်လာစေဖို့ ကူညီပေးပါတယ်။

တိရစ္ဆာန်ဆေးကုဆရာဝန် ကာယက်တာနိုအဲ့စ်ပီနိုဆာက လင်းပိုင်တွေနဲ့  လူတွေဟာ နေရာလွတ်တွေကို မျှဝေခံစားကြပြီး ဒီအခြေအနေတွေဟာ မျိုးစိတ်တွေကို အလွန်ပျက်စီးလွယ်စေတယ်လို့ ရိုက်တာ သတင်းဌာနကို ပြေပါတယ်။

အဲ့စ်ပီနိုဆာဟာ အဏ္ဏဝါဂေဟစနစ်ဆိုင်ရာ ယာကူပါချာ လေ့လာမှုစင်တာရဲ့ အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ အဓိကရေကြောင်းဆိပ်ကမ်းရှိရာ စန်အန်တိုနီယိုမြို့  သဘာဝ သမိုင်းပြတိုက်မှူးကတော့ ကမ်းခြေမှာ သောင်တင်သေဆုံးတဲ့ လင်းပိုင်တွေဟာ လေထုညစ်ညမ်းမှုနဲ့ ပလပ်စတစ် စားသုံးမိတာကြောင့်လို့ ပြောပါတယ်။

ချီလီနိုင်ငံရဲ့ စက်မှုဇုန်တွေမှာ တောရိုင်း ငှက်တွေ၊ ပင်လယ်သတ္တဝါတွေမှာ ကူးစက်နေတဲ့ ကြက်ငှက်တုပ်ကွေးအန္တရာယ်ကိုလည်း အရာရှိတစ်ဦးက ထောက်ပြပါတယ်။

မတ်လအတွင်းကလည်း လူတစ်ဦးကို ကြက်ငှက်တုပ်ကွေး ကူးစက်ခံခဲ့ရတဲ့အပြင် လင်းပိုင်မျိုးစိတ် ၂ ခု ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတယ်လို့ ချီလီနိုင်ငံ ငါးဖမ်းလုပ်ငန်း ဒါရိုက်တာ ဆိုလေဒက်တာပီယာက ပြောခဲ့ပါတယ်။

1 day Ago
Up