close

ချီလီတွင် ကြက်ငှပ်တုပ်ကွေးရောဂါကြောင့် ကြက်ကောင်ရေသန်းချီ မြေမြှုပ်

ချီလီနိုင်ငံမှာ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေလို့ ကြက်အကောင်ရေ တသန်းလောက်ကို မြေမြှုပ်လိုက်ရပြီး ကြက်မွေးမြူရေးခြံတွေ အကျပ်အတည်း တွေ့ရတဲ့အပြင် ကြက်ဥဈေးနှုန်းတွေလည်း ထိုးတက်သွားပါတယ်။

ကြက်ငှက်တုပ်ကွေးကြောင့် သေဆုံးတဲ့ ငှက် ၁ သန်းမှာ ၇ သိန်းလောက်က ဥ, ဥတဲ့ ကြက်ငှက်တွေဖြစ်တယ်လို့ စိုက်ပျိုးရေးဝန်ကြီး အက်စ်တယ်ဘန် ဗလန်ဇွယ်လာက ပြောပါတယ်။

ကြက်ဥထုတ်လုပ်ရေးစက်ရုံ ၅ ရုံ ထိခိုက်မှုဖြစ်ခဲ့ရပြီး ဘီယိုဘီယိုနယ်မြေက စက်ရုံ ၃ ရုံနဲ့ မောင်းလယ်ဒေသက စက်ရုံ ၂ ရုံတို့ဖြစ်ကြောင်း စိုက်ပျိုးရေးနဲ့ မွေးမြူရေးဌာန ကြက်ငှက်တုပ်ကွေးဆိုင်ရာ ယူနစ်ရဲ့ အကြီးအကဲက ပြောပါတယ်။

ပြည်တွင်းသတင်းတွေအရ ကြက်ဥဈေးနှုန်းဟာ မနှစ်ကထက် ၃၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တကမ္ဘာလုံးက ကြက်ဥဈေးနှုန်းတွေ ထိုးတက်သွားတာကိုလည်း စောင့်ကြည့်ခဲ့ကြပါတယ်။

ပြည်တွင်းက စျေးဝယ်သူ၊ ပါမောက္ခ ဂျူးဒစ်သ် ဗာဂါ့စ်ကတော့ သူဟာ ကြက်ဥကို လျှော့စားနေပြီး ဈေးထဲမှာလည်း ကြက်သားတွေ နည်းနေတာကို တွေ့ရကြောင်းနဲ့ အဲဒါတွေကို မဝယ်ဖို့ ရှောင်နေပြီလို့ ဆိုပါတယ်။

စျေးကွက်စည်းရုံးရေးမှူး အဒ်ဒွာဒို ဆာဒါးကလည်း အရင်က သူ ချီလီပီဆို ၅,၀၀၀-၅,၅၀၀ ဖိုး ဝယ်နေကျကို အခု ပီဆို ၇,၀၀၀ ပေးနေရပြီး ဈေးတွေ အရမ်းတက်နေတာလို့ ပြောပါတယ်။

ချီလီနိုင်ငံဟာ မနှစ်နှောင်းပိုင်းကတည်းက တောရိုင်းတိရစ္ဆာန်တွေမှာ H5N1 ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့ပါတယ်။ မကြာသေးခင်က မွေးမြူရေးလုပ်ငန်းလောကမှာ H5N1 ဖြစ်ပွားမှုတွေကြောင့် ချီလီအစိုးရက ကြက်တင်ပို့မှုကို ရပ်ဆိုင်းခဲ့ပါတယ်။

အာဂျင်တီးနားက မွေးမြူရေးကြက်ခြံတွေမှာ H5N1 ကူးစက်မှုတွေကို စစ်ဆေးတွေ့ရှိခဲ့ပေမဲ့ ကမ္ဘာ့ ကြက်ငှက်တင်ပို့မှု အများဆုံးနိုင်ငံဖြစ်တဲ့ ဘရာဇီးမှာတော့ ကူးစက်ရောဂါ ကင်းစင်နေဆဲ ဖြစ်ပါတယ်။

H5N1 ဗိုင်းရပ်စ်ဟာ ငှက် သို့မဟုတ် နို့တိုက် ရေသတ္တဝါတွေကနေ လူကို ကူးစက်နိုင်ပေမဲ့ လူကနေ လူကို ကူးစက်ခြင်းမရှိသေးကြောင်း ချီလီကျန်းမာရေးအာဏာပိုင်တွေက မှတ်ချက်ပြုထားပါတယ်။

Up