ကရင်ပြည်နယ်၊ မြဝတီမြို့ခရိုင်၊ ဝေါလေမြိုင်မြို့နယ်ခွဲ၊ ဥကရစ်ထစခန်းအနီးမှာ လူနာပို့ဆောင်ဖို့ စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ်တွေကို KNLA ပူးပေါင်းတပ်ဖွဲ့က ဇူလိုင် ၂၈ ရက် ညနေပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးသွားတယ်လိ့ KNLA သတင်းရင်းမြစ်ကနေ သိရပါတယ်။
စစ်ကောင်စီတပ်ဘက်က ထိခိုက်ဒဏ်ရာရသူတွေကို မြဝတီမြို့နယ် သင်္ဃန်းညီနောင်စစ်ဆေးရုံသို့ ပို့ဆောင်ဖို့ စစ်ကြောင်းထိုးလာစဉ် KNLA ပူးပေါင်းတပ်ဖွဲ့တွေက စနိုက်ပါနဲ့ရော လက်နက်ကြီးနဲ့ပါ ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။
ဇူလိုင် ၂၉ ရက် ဒီမနက် ၇ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ယောက်ကို ထပ်မန် ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ပြီး မွန်းလွဲ ၂ နာရီလောက်မှာလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ဖြစ်ပွားခဲ့ပြီး ထိခိုက်ကျဆုံးမှုကိုတော့ အတည်မပြုနိုင်သေးပါဘူး။
မြဝတီမြို့တောင်ဘက် သုံးထပ်ကွေ့မှာလည်း ဗိုလ်ဒဘောအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ကြိုးကြားကြိုးကြား တိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဖက်အခြေအနေ တင်းမာနေတယ်လို့ KNLA နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ဇူလိုင် ၂၈ ရက် မနက် ၇ နာရီလောက်ကလည်း ကော့ကရိတ်တောင်ဘက် မာနယ်ကုန်းရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ ကင်းလှည့်နေစဉ် KNLA ပူးပေါင်းအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ပစ်ခတ်ခံရတာကြောင့် စစ်ကောင်စီတပ်တွေ သေဆုံးဒဏ်ရာရတာတွေ ရှိခဲ့ပြီး ပူးပေါင်းတပ်ဘက်ကတော့ မရှိခဲ့ဘူးလို့ KNLA တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ကရင်ပြည်နယ်အတွင်း တပ်မဟာ ၇ ခုရှိတဲ့အနက် တပ်မဟာ ၁၊ ၅ နဲ့ ၆ တို့မှာ နေ့စဉ်တိုက်ပွဲ ပြင်းထန်နေပြီး မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တောင်ဘက် ကစောဝါးလေးနဲ့ သုံးထပ်ကွေ့မှာလည်း နှစ်ဖက်တပ်တွေ စစ်ရေးတင်းမာနေတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာနဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ရေယာဉ်တွေကို အမည်မသိလက်နက်ကိုင်အဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပွားတဲ့ကျေးရွာနေ ရွာသားတစ်ဦးက “မော်တော် ၅ စီးကို ဒီကနေ့ မနက်ပိုင်းမှာ အမည်မသိ အဖွဲ့တစ်ဖွဲ့က ဖြတ်တိုက်နေတယ်ဗျ။ မနက်ခင်းကတည်းက သေနတ်သံတွေ ဆူညံနေတယ်။ ကျနော်တို့ ရွာသားတွေကတော့ ဘေးလွတ်ရာထွက်ပြေးနေကြရတယ်။ တိုက်ပွဲဖြစ်တဲ့နေရာက မြွေပိုင်းတောင်အနီးမှာ ဖြစ်နေ ကြတာ။ အဲဒီတောင်အနီးမှာတော့ စစ်ကောင်စီတပ်ရဲ့ လက်နက်ပစ္စည်း၊ ရိက္ခာများ တင်ဆောင်လာတဲ့ အမြန်ရေယာဉ် ၂ စီးနဲ့ ဖလက်မော်တော် ၃ စီးကို ဖြတ်တိုက်နေတာနဲ့ တူတယ်ဗျ။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ဖြစ်တာတော့ မဟုတ်ဘူးဗျ။ ဘယ်က လာတိုက်တဲ့အဖွဲ့လဲ မသိဘူး” လို့ ပြောပါတယ်။
ကနီမြို့နယ်မှာ မေလ ၂၂ ရက်က တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားတွေက အင်အား အလုံးအရင်းနဲ့ ကျေးရွာတချို့မှာ ဝင်ရောက်တပ်စွဲကာ ပစ္စည်းတွေကို မွှေနှောက် ရှာဖွေ ဖျက်ဆီးယူဆောင်တာတွေ ပြုလုပ်ခဲ့ပါတယ်။
မနေ့ မေလ ၂၄ ရက်နေ့ညပိုင်းကလည်း စစ်ကောင်စီတပ်သားတွေတပ်စွဲထားတဲ့ ကင်းရွာက ရွာသားတွေ ရွာလုံးကျွတ်ထွက်ပြေးကြရပြီး လူဦးရေ ၃၀၀၀ ဝန်ကျင်းအထိ တောထဲမှာ ရှောင်တိမ်းနေကြရပါတယ်။