ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်းမှာ မြေပြိုမှုဖြစ်ပွားပြီးနောက် အနည်းဆုံး လူ ၂၀ သေဆုံးပြီး အများအပြား ပျောက်ဆုံးနေကြောင်း ပြည်နယ်အစိုးရနဲ့ ဒေသဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက ဧပြီ ၃ ရက်မှာ ပြောပါတယ်။
ကီဗူးပြည်နယ်မြောက်ပိုင်း မာစီစီနယ်မြေရှိ ဘိုလိုဝါကျေးရွာမှာ ဧပြီ ၂ ရက်က လူတွေက အဝတ်တွေလျှော်ပြီး မီးဖိုချောင်သုံးပစ္စည်းတွေကို သန့်ရှင်းရေး လုပ်နေချိန်မှာ မြေပြိုကျမှု ဖြစ်ပွားခဲ့ပြီးနောက် အမျိုးသမီး ၈ ဦးနဲ့ ကလေး ၁၃ ဦးတို့ရဲ့ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ကျယ်ပြန့်လှတဲ့ မာစီစီနယ်မြေရှိ အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင် ဗော်လ်တိုင်းယား ဘာတွန်ဒီက ပြောပါတယ်။
အသက်ရှင်ကျန်ရစ်သူ ၁ ဦး ရှိပြီး ကျန်းမာရေးဌာနကို ပို့ဆောင်ထားကြောင်းလည်း သူက ဆိုပါတယ်။
“အမျိုးသမီးတွေနဲ့ ကလေးတွေအဝတ်လျှော်နေကြတဲ့ မနက် ၁၁ နာရီ ၃၀ လောက်က မြေပြိုတာဖြစ်ပြီး သူတို့အားလုံး မြေမြုပ်သွားကြတာ ဘယ်သူမှ ပြန်ထွက်မလာကြဘူး”လို့ ဒေသခံ ဒီဇိုင်းယား မီရှီမို က ပြောပါတယ်။
သူတို့ သွားကူညီကြပြီး အလောင်းတွေပြန်ယူနိုင်အောင်လို့ မြေကြီးပျော့သွားအောင် မြစ်ထဲက ရေကို တိုက်ရိုက်သွယ်ပြီး တူးဖော်ရှာဖွေကြတယ်လို့လည်း ဆိုပါတယ်။
အခုအချိန်အထိ အလောင်း ၂၁ လောင်းကို ပြန်ရခဲ့ပြီး အမျိုးသမီး ၇ ဦးနဲ့ ကလေး ၁၄ လောင်း ပါဝင်ကြောင်းနဲ့ အဲဒီထဲမှာ ယောက်ျားလေး ၃ ယောက်နဲ့ ကျန်တာ မိန်းကလေးတွေချည်းပဲ လို့လည်း ဆိုပါတယ်။ သေဆုံးသူအရေအတွက်ကို သက်ဆိုင်ရာအာဏာပိုင်တွေက တရားဝင် မကြေညာရသေးပါဘူး။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ဘိုလိုဝါရွာမှာ မြေပြိုမှုနဲ့ ပတ်သက်လို့ ဒေသဆိုင်ရာ မီဒီယာ အစီရင်ခံချက်တွေနဲ့ ကိုက်ညီတဲ့ ဗီဒီယိုတွေမှာ မြင်တွေ့ရတဲ့ သစ်ပင်တွေနဲ့ အသီးအရွက်တွေရဲ့ တည်နေရာကို ရိုက်တာစ်ကနေ အတည်ပြုနိုင်ခဲ့ပါတယ်။ ဗီဒီယို ရိုက်ကူးတဲ့ရက်ကိုတော့ ရိုက်တာက သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
ကွန်ဂိုနိုင်ငံအရှေ့ဘက် ဂိုမာမြို့မှာ ဆန္ဒပြမှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ပြီး ရဲတဦးနဲ့ အရပ်သားနှစ်ဦး သေဆုံးခဲ့ပါတယ်။
ဆန္ဒပြသူတွေကိုနှိမ်နင်းဖို့ အိမ်နီးချင်းရဝမ်ဒါက ရဲတွေကို ကွန်ဂိုအစိုးရက ခေါ်ထားတယ်လို့ စွပ်စွဲပြီး ဆန္ဒပြမှုတွေ ထပ်ဖြစ်ခဲ့တာပါ။
ဆန္ဒပြသူတွေက ရဲတွေ ဝင်ရောက်မလာနိုင်အောင် လမ်းမတခုမှာ ကျောက်ခဲတွေ၊ တုံးတွေ အတားအဆီးတွေ ချထားပါတယ်။
ကွန်ဂိုမြောက်ပိုင်းမှာ အစ္စလာမ္မစ် စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေ မြင့်တက်လာပြီး အစိုးရက အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။
အဲဒီဒေသမှာ ကွန်ဂိုတပ်နဲ့ ကုလသမဂ္ဂတပ်တွေလည်း ချထားပါတယ်။ လက်နက်ကိုင်အုပ်စုတွေကို နှိမ်နင်းဖို့အတွက် အစိုးရက အိမ်နီးချင်းယူဂန်ဒါကို အကူညီတောင်းခဲ့ပြီး၊ လွန်ခဲ့တဲ့အပတ်က ယူဂန်ဒါတပ်သား ၁၇၀၀ ဟာ အရှေ့ကွန်ဂိုကို ဝင်ရောက် တပ်ဖြန့်ထားပါတယ်။
ဂိုမာမြို့ ဆန္ဒပြသူတွေက ယူဂန်ဒါနဲ့ ရဝမ်ဒါ လုံခြုံရေးအဖွဲ့တွေ ကွန်ဂိုမှာ တပ်စွဲနေတာကို လုံးဝဆန့်ကျင်ပြီး၊ လမ်းတွေပိတ်ဆို့ ဆန္ဒပြနေတာပါ။
ဒီဇင်ဘာ ၂၀ ရက်ကလည်း ရဲတွေက မျက်ရည်ယိုဗုံး ရောဘာကျည်ဆန်နဲ့ လူအုပ်ကို ပစ်ခတ်ဖြိုခွင်းမှုကြောင့် နှစ်ဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရခဲ့သလို ရဲတဦးလည်း အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။