close

ကွန်ဂိုနိုင်ငံ ဂိုမာမြို့ ဆန္ဒပြပွဲအတွင်း ရဲ ၁ ဦးနှင့် အရပ်သား ၂ ဦး သေဆုံး

ကွန်ဂိုနိုင်ငံအရှေ့ဘက် ဂိုမာမြို့မှာ ဆန္ဒပြမှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ပြီး ရဲတဦးနဲ့ အရပ်သားနှစ်ဦး သေဆုံးခဲ့ပါတယ်။ 

ဆန္ဒပြသူတွေကိုနှိမ်နင်းဖို့ အိမ်နီးချင်းရဝမ်ဒါက ရဲတွေကို ကွန်ဂိုအစိုးရက ခေါ်ထားတယ်လို့  စွပ်စွဲပြီး ဆန္ဒပြမှုတွေ ထပ်ဖြစ်ခဲ့တာပါ။ 

ဆန္ဒပြသူတွေက ရဲတွေ ဝင်ရောက်မလာနိုင်အောင် လမ်းမတခုမှာ ကျောက်ခဲတွေ၊ တုံးတွေ အတားအဆီးတွေ ချထားပါတယ်။

ကွန်ဂိုမြောက်ပိုင်းမှာ အစ္စလာမ္မစ် စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေ မြင့်တက်လာပြီး  အစိုးရက အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။ 

အဲဒီဒေသမှာ ကွန်ဂိုတပ်နဲ့ ကုလသမဂ္ဂတပ်တွေလည်း ချထားပါတယ်။ လက်နက်ကိုင်အုပ်စုတွေကို နှိမ်နင်းဖို့အတွက် အစိုးရက အိမ်နီးချင်းယူဂန်ဒါကို အကူညီတောင်းခဲ့ပြီး၊ လွန်ခဲ့တဲ့အပတ်က ယူဂန်ဒါတပ်သား ၁၇၀၀ ဟာ အရှေ့ကွန်ဂိုကို ဝင်ရောက် တပ်ဖြန့်ထားပါတယ်။  

ဂိုမာမြို့ ဆန္ဒပြသူတွေက ယူဂန်ဒါနဲ့ ရဝမ်ဒါ လုံခြုံရေးအဖွဲ့တွေ ကွန်ဂိုမှာ  တပ်စွဲနေတာကို လုံးဝဆန့်ကျင်ပြီး၊ လမ်းတွေပိတ်ဆို့ ဆန္ဒပြနေတာပါ။ 

ဒီဇင်ဘာ ၂၀ ရက်ကလည်း ရဲတွေက မျက်ရည်ယိုဗုံး ရောဘာကျည်ဆန်နဲ့ လူအုပ်ကို ပစ်ခတ်ဖြိုခွင်းမှုကြောင့်  နှစ်ဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရခဲ့သလို ရဲတဦးလည်း အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up