close

ကွာတားဖိုင်နယ်

close

December 10, 2022

ခရိုအေးရှားက ဘရာဇီးကို ပင်နယ်တီအဆုံးအဖြတ်ဖြင့်အနိုင်ယူပြီး ဆီမီးဖိုင်နယ် တက်ရောက်

ဒီနေ့ည ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ခရိုအေးရှားအသင်းက ဘရာဇီးကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရရှိသွားပါတယ်။

ဒီနေ့ပွဲစဉ်မှာ ခရိုအေးရှားအသင်းက ဘောလုံးပိုင်ဆိုင်မှု အနည်းငယ် အသာစီးယူ ကစားနိုင်ခဲ့ပေမဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုမှာတော့ ဘရာဇီးအသင်းက အခွင့်အရေး ပိုမိုရရှိခဲ့ပါတယ်။

ပွဲကစားချိန် မိနစ် ၉၀ အထိ နှစ်သင်းလုံး ဂိုးမသွင်းနိုင်တာကြောင့် အချိန်ပို ဆက်ကစားခဲ့ရာမှာ ဘရာဇီးအသင်းအတွက် ပွဲချိန် ၁၀၆ မိနစ်မှာ နေမာက ဦးဆောင်ဂိုး သွင်းယူခဲ့ပေမဲ့ ပွဲချိန် ၁၁၇ မိနစ်မှာပဲ ခရိုအေးရှားအသင်းအတွက် ပက်ကိုဗစ်က ချေပဂိုး သွင်းယူခဲ့ပါတယ်။ 

ဒီနောက် နှစ်သင်းလုံး အပြန်အလှန်ထိုးဖောက်ကစားခဲ့ပေမယ့် ဂိုးမသွင်းနိုင်ဘဲ ၁ ဂိုးစီ သရေကျပြီး ပွဲစဉ်ပြီးဆုံးသွားပါတယ်။

ပင်နယ်တီ ကန်သွင်းရာမှာတော့ ခရိုအေးရှားက ၄-၂ ဂိုးနဲ့ အနိုင်ရရှိပြီး ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။

ဒီပွဲမှာ ရှုံးနိမ့်သွားတဲ့အတွက် ဘရာဇီးအသင်းဟာ ကမ္ဘာ့ဖလားကို နောက်တကြိမ်ထပ်ယူဖို့ အိပ်မက် ပျက်ပြယ်သွားခဲ့ရပါတယ်။ ဒီပွဲမှာ တဂိုးသွင်းယူပေးနိုင်ခဲ့တဲ့နေမာကတော့ ဘရာဇီးဂန္ထဝင် ဘောလုံးသမားကြီး ပီလီရဲ့ သွင်းဂိုးစံချိန်ကို လိုက်မီသွားပါတယ်။

ခရိုအေးရှားအသင်းဟာ နယ်သာလန်နဲ့ အာဂျင်တီးနားအသင်းတို့ထဲက အနိုင်ရတဲ့အသင်းနဲ့ ဆီမီးဖိုင်နယ် တွေ့ဆုံမှာ ဖြစ်ပါတယ်။

2 hours Ago

December 7, 2022

ပေါ်တူဂီနှင့် မော်ရိုကိုတို့ ကွာတားဖိုင်နယ်တွင် တွေ့ဆုံမည်

ကာတာကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွေမှာ ပေါ်တူဂီနဲ့ မော်ရိုကိုအသင်းတွေ ပြိုင်ဘက်တွေကို အသီးသီးအနိုင်ရပြီး နောက်တဆင့် ကွာတားဖိုင်နယ်ပွဲစဉ်ကို တက်ရောက်သွားပါတယ်။

ဒီမနက်အစောပိုင်းကန်သွားတဲ့ ပေါ်တူဂီနဲ့ ဆွစ်ဇာလန်တို့ ပွဲစဉ်မှာ ပေါ်တူဂီက  ( ၆-၁) ဂိုးနဲ့ ဂိုးပြတ်သွင်းယူ အောင်ပွဲခံပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားတာဖြစ်ပါတယ်။

ပေါ်တူဂီအတွက် အနိုဂိုးတွေကိုတော့ ဂွန်ကာလိုရာမို့စ်က ပွဲချိန် ၁၇ မိနစ်၊ ၅၁ မိနစ်နဲ့ ၆၇ မိနစ်တွေမှာ ၃ ဂိုးသွင်းယူပေးခဲ့ပြီး အခုနှစ်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံး ဟတ်ထရစ် ၃ ဂိုးသွင်းယူနိုင်တဲ့ကစားသမားအဖြစ် မှတ်တမ်းဝင်သွားသလို ဒီပွဲရဲ့ ပွဲစဉ်အလိုက် အကောင်းဆုံး ဘောလုံးသမားဆုပါ ချီးမြှင့်ခံခဲ့ရပါတယ်။

ပေါ်တူဂီအတွက်  နောက်ထပ်အနိုင်ဂိုးတွေကိုတော့ ပီပီက  ၃၃ မိနစ်မှာ တဂိုး၊ ဂယ်ဟေရိုက ၅၅ မိနစ်မှာ တဂိုး၊ ရာဖယ်လ်လီရာအိုက မိနစ် ၉၀ အပြီး နာကျင်အချိန်ပို ၂ မိနစ်မှာ တဂိုး သွင်းယူပေးခဲ့ပါတယ်။

အသင်းခေါင်းဆောင် စီရော်နယ်ဒိုကတော့ ပွဲထွက်လူစာရင်းမှာ ပါဝင်ကစားခွင့်မရဘဲ ပွဲချိန် မိနစ် ၇၀ နောက်ပိုင်းမှာမှ လူစားလဲ ဝင်ရောက်ကစားခွင့်ရခဲ့ပြီး သူသွင်းယူခဲ့တဲ့ဂိုးကို လူကျွံဘောအဖြစ် သတ်မှတ်ခံရလို့  ဂိုးမရခဲ့ပါဘူး။ 

ဒီပွဲမှာ ဆွစ်ဇာလန်အသင်းက ဘောလုံးပိုင်ဆိုင်မှုပိုရခဲ့ပြီး ဂိုးပေါက်ကန်သွင်းခွင့်တွေလည် ရခဲ့ပေမဲ့ ဂိုး ဝင်အောင် မသွင်းနိုင်ခဲ့ဘဲ ပွဲချိန် ၅၈ မိနစ်မှာ ဆွစ်ဇာလန်အသင်းအတွက် ချေပဂိုး ၁ ဂိုးကို အခန်ဂျီက သွင်းယူပေးခဲ့ပါတယ်။

အစောပိုင်းကန်သွားတဲ့ ကမ္ဘာ့ချံပီယံဟောင်း စပိန်အသင်းနဲ့ မော်ရိုကိုအသင်းတို့ပွဲစဉ်မှာ  ပုံမှန်ပွဲချိန် မိနစ် ၉၀ နဲ့ အချိန်ပိုမှာ  တဖက်နဲ့ တဖက် ဂိုးမသွင်းနိုင်ကြလို့ ပင်နယ်တီအဆုံးအဖြတ် ကန်ရာမှာ မော်ရိုကိုက (၃-၀) နဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်ကို ပထမဆုံးအကြိမ် တက်ရောက်သွားပါတယ်။

ဒီပွဲမှာ နာမည်ကြီးစပိန်အသင်းဟာ မော်ရိုကိုအသင်းထက် ဘောလုံးပိုင်ဆိုင်မှု ၇၇ ရာခိုင်နှုန်းအထိရရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းခွင့်တွေလည်း များစွာရခဲ့ပေမဲ့ ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့လို့ ရှုံးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။

ပင်နယ်တီအဆုံးအဖြစ်ကန်ရာမှာ  စပိန်ဘက်က ကန်သွင်းတဲ့ဘောလုံးကို  ဂိုးမဝင်အောင်ကာကွယ် ပေးနိုင်ခဲ့တဲ့ မော်ရိုကို ဂိုးသမား ဘူနိုက ဒီပွဲမှာ ပွဲစဉ်အလိုက် အကောင်းဆုံးဘောလုံသမားဆုရရှိသွားပါတယ်။  

လာမယ့်ကွာတားဖိုင်နယ်ပွဲစဉ်မှာတော့ ပေါ်တူဂီအသင်းနဲ့ မော်ရိုကိုအသင်းတို့ တွေ့ဆုံ ယှဉ်ပြိုင်ကစားကြရာမှာ ဖြစ်ပါတယ်။

3 days Ago
Up