ခရိုအေးရှားက ဘရာဇီးကို ပင်နယ်တီအဆုံးအဖြတ်ဖြင့်အနိုင်ယူပြီး ဆီမီးဖိုင်နယ် တက်ရောက်

ဒီနေ့ည ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ခရိုအေးရှားအသင်းက ဘရာဇီးကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရရှိသွားပါတယ်။
ဒီနေ့ပွဲစဉ်မှာ ခရိုအေးရှားအသင်းက ဘောလုံးပိုင်ဆိုင်မှု အနည်းငယ် အသာစီးယူ ကစားနိုင်ခဲ့ပေမဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုမှာတော့ ဘရာဇီးအသင်းက အခွင့်အရေး ပိုမိုရရှိခဲ့ပါတယ်။
ပွဲကစားချိန် မိနစ် ၉၀ အထိ နှစ်သင်းလုံး ဂိုးမသွင်းနိုင်တာကြောင့် အချိန်ပို ဆက်ကစားခဲ့ရာမှာ ဘရာဇီးအသင်းအတွက် ပွဲချိန် ၁၀၆ မိနစ်မှာ နေမာက ဦးဆောင်ဂိုး သွင်းယူခဲ့ပေမဲ့ ပွဲချိန် ၁၁၇ မိနစ်မှာပဲ ခရိုအေးရှားအသင်းအတွက် ပက်ကိုဗစ်က ချေပဂိုး သွင်းယူခဲ့ပါတယ်။
ဒီနောက် နှစ်သင်းလုံး အပြန်အလှန်ထိုးဖောက်ကစားခဲ့ပေမယ့် ဂိုးမသွင်းနိုင်ဘဲ ၁ ဂိုးစီ သရေကျပြီး ပွဲစဉ်ပြီးဆုံးသွားပါတယ်။
ပင်နယ်တီ ကန်သွင်းရာမှာတော့ ခရိုအေးရှားက ၄-၂ ဂိုးနဲ့ အနိုင်ရရှိပြီး ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။
ဒီပွဲမှာ ရှုံးနိမ့်သွားတဲ့အတွက် ဘရာဇီးအသင်းဟာ ကမ္ဘာ့ဖလားကို နောက်တကြိမ်ထပ်ယူဖို့ အိပ်မက် ပျက်ပြယ်သွားခဲ့ရပါတယ်။ ဒီပွဲမှာ တဂိုးသွင်းယူပေးနိုင်ခဲ့တဲ့နေမာကတော့ ဘရာဇီးဂန္ထဝင် ဘောလုံးသမားကြီး ပီလီရဲ့ သွင်းဂိုးစံချိန်ကို လိုက်မီသွားပါတယ်။
ခရိုအေးရှားအသင်းဟာ နယ်သာလန်နဲ့ အာဂျင်တီးနားအသင်းတို့ထဲက အနိုင်ရတဲ့အသင်းနဲ့ ဆီမီးဖိုင်နယ် တွေ့ဆုံမှာ ဖြစ်ပါတယ်။