ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်းအိုချာဟာ ကိုဗစ်-၁၉ ကူးစက်ခံနေရတဲ့ လုပ်ငန်းရှင်တယောက်နဲ့ ထိတွေ့ခဲ့တာကြောင့် နေအိမ်ကွာရန်တင်းဝင်နေရတယ်လို့ နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။
ဝန်ကြီးချုပ် ပရာယွတ်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်က ဖူးခက်ရဲ့ Sandbox ခရီးသွားလုပ်ငန်းဖွင့်ပွဲကို သွားရောက်ခဲ့တာဖြစ်ပြီး ဆူရင်ကုန်သည်ကြီးများအသင်း ဉက္ကဋ္ဌ ဗီရာဆက်ခ်ဖစ်ဆနူဝေါင်နဲ့ ကပ်လျက်ဆဲလ်ဖီဓာတ်ပုံရိုက်ခဲ့တာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ ဗီရာဆက်ခ်က ဆူရင်ဆေးရုံမှာ ကိုဗစ်-၁၉ ရောဂါရှိ၊ မရှိ စစ်ဆေးမှုခံယူခဲ့ပြီး ညနေပိုင်းမှာ ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့ရကာ ဆေးကုသမှုခံ ယူနေတာ ဖြစ်ပါတယ်။
ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရသူ အနုချာ ဘူရာဖက်ချိုင်ဆီရိကတော့ ဝန်ကြီးချုပ် ပရာယွတ်ဟာ နေအိမ်ကနေ အလုပ်လုပ်နေပြီး ကိုဗစ်-၁၉ ရောဂါအခြေအနေနဲ့ ပတ်သက်ပြီး နီးနီးကပ်ကပ်စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။
“ဝန်ကြီးချုပ်က ပြည်သူတွေကို ကာကွယ်ဆေးထိုးပြီးရင်တောင် ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ လူစုလူဝေးရှောင်တာ၊ နှာခေါင်းစည်း Mask တပ်ဆင်သွားလာတာ၊ လက်ဆေးတာ၊ ရောဂါရှိ၊ မရှိ စစ်ဆေးမှုခံယူတာ၊ ThaiChana အပလီကေးရှင်း အသုံးပြုပြီး ဘွတ်ကင်တင် ကွာရန်တင်းဝင်တာတွေ လုပ်ကြဖို့လည်း ပြောပါတယ်။”
ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ အယောက် ၅၀ ထိရှိခဲ့ပြီး ကူးစက်မှုအသစ် ၆၁၆၆ ယောက်ရှိခဲ့တယ်လို့ ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်
ဒါကြောင့်မို့ လက်ရှိအချိန်ထိ နိုင်ငံတဝန်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူပေါင်း ၂,၂၇၆ ယောက်နဲ့ ကူးစက်ခံရသူပေါင်း ၂၈၉,၂၃၃ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ကူးစက်မှုအသစ်တွေထဲမှာတော့ အကျဉ်းထောင်တွေက ၈၄ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။
၏အာဆီယံနိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ သန်းချီကူးစက်ခံ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတို့ ပြီးရင် မလေးရှားနိုင်ငံက ရောဂါကူးစက်ခံရသူပေါင်း ၇ သိန်း ၇ သောင်းကျော်၊ သေဆုံးသူပေါင်း ၅,၄၀၀ ကျော်နဲ့ ရှိနေပြီး ထိုင်းနိုင်ငံကတော့ အမှတ်စဉ် ၄ နေရာမှာ ရှိနေပါတယ်။
ထိုင်းနိုင်ငံမှာအကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရကာ ပြစ်ဒဏ်ကျခံပြီးသူ ၁၆၁ ဦးကို ထိုင်းနိုင်ငံတာဝန်ရှိသူတွေက ဇန်နဝါရီလ ၂၈ ရက်နေ့က အလုပ်သမားသံအရာရှိမှတဆင့် ကော့သောင်းနယ်စပ်ဂိတ်ကို လာရောက်လွှဲအပ်ခဲ့ပါတယ်။
နယ်စပ်ဂိတ်ကိုရောက်ရှိလာတဲ့ မြန်မာရွေ့ပြောင်း အလုပ်သမားတွေကို ကော့သောင်းမြို့မှ သက်ဆိုင်ရာတာဝန်ရှိသူတွေက စနစ်တကျကြိုဆိုလက်ခံပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းနဲ့ အလုပ်သမားဝန်ကြီးဌာနတို့က တကိုယ်ရေသုံးပစ္စည်းတွေကို ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။
ပြန်ရောက်လာသူတွေကို ကွာရန်တင်းထားရှိကာ နေရပ်ပြန်ပို့ပေးမှာဖြစ်တယ်လို့ မြို့နယ်အုပ်ချုပ်မှူး ဦးဇော်လင်းထွန်းက ပြောပါတယ်။
“ကျနော်တို့မှာ တိုင်းကျော် ပြည်နယ်ကျော်တွေကိုပို့ဖို့က အခက်အခဲ တွေ အများကြီးရှိတယ်။ ကွာရန်တင်း ထားဖို့နေရာ အခက်အခဲတွေပေါ့။ ဒါကြောင့်တခြားတိုင်းနဲ့ ပြည်နယ်တွေမပါဘဲ တနင်္သာရီတိုင်းအတွင်းကပဲ လက်ခံတယ်။ သူတို့ကို ဒီမှာကွာရန်တင်းထားမယ် ပြီးရင် သူတို့နေထိုင်တဲ့ဒေသတွေကို ပို့ဆောင်ပေးမှာဖြစ်တယ်”။
လက်ရှိမှာ အခုရောက်ရှိလာတဲ့သူတွေကို အေးရိပ်ငြိမ်ရပ်ကွက် အားကစားရုံ ကွာရန်တင်း စင်တာ၊ ပိတောက်ရွှေဝါရပ်ကွက် အလကခွဲစင်တာနဲ့ နဝရတ်အားကစားရုံစင်တာတွေမှာ ထားရှိပြီး ရက်ပြည့်တာနဲ့ နေရပ်ဒေသကို ပြန်လည်ပို့ဆောင်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
သတင်း - လတ်ကိုကိုဦး