ကိုဗစ်လူနာနှင့်ထိတွေ့ခဲ့သည့် ထိုင်းဝန်ကြီးချုပ် ပရာယွတ် ကွာရန်တင်း ဝင်နေရ

ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်းအိုချာဟာ ကိုဗစ်-၁၉ ကူးစက်ခံနေရတဲ့ လုပ်ငန်းရှင်တယောက်နဲ့ ထိတွေ့ခဲ့တာကြောင့် နေအိမ်ကွာရန်တင်းဝင်နေရတယ်လို့ နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။
ဝန်ကြီးချုပ် ပရာယွတ်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်က ဖူးခက်ရဲ့ Sandbox ခရီးသွားလုပ်ငန်းဖွင့်ပွဲကို သွားရောက်ခဲ့တာဖြစ်ပြီး ဆူရင်ကုန်သည်ကြီးများအသင်း ဉက္ကဋ္ဌ ဗီရာဆက်ခ်ဖစ်ဆနူဝေါင်နဲ့ ကပ်လျက်ဆဲလ်ဖီဓာတ်ပုံရိုက်ခဲ့တာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ ဗီရာဆက်ခ်က ဆူရင်ဆေးရုံမှာ ကိုဗစ်-၁၉ ရောဂါရှိ၊ မရှိ စစ်ဆေးမှုခံယူခဲ့ပြီး ညနေပိုင်းမှာ ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့ရကာ ဆေးကုသမှုခံ ယူနေတာ ဖြစ်ပါတယ်။
ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရသူ အနုချာ ဘူရာဖက်ချိုင်ဆီရိကတော့ ဝန်ကြီးချုပ် ပရာယွတ်ဟာ နေအိမ်ကနေ အလုပ်လုပ်နေပြီး ကိုဗစ်-၁၉ ရောဂါအခြေအနေနဲ့ ပတ်သက်ပြီး နီးနီးကပ်ကပ်စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။
“ဝန်ကြီးချုပ်က ပြည်သူတွေကို ကာကွယ်ဆေးထိုးပြီးရင်တောင် ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ လူစုလူဝေးရှောင်တာ၊ နှာခေါင်းစည်း Mask တပ်ဆင်သွားလာတာ၊ လက်ဆေးတာ၊ ရောဂါရှိ၊ မရှိ စစ်ဆေးမှုခံယူတာ၊ ThaiChana အပလီကေးရှင်း အသုံးပြုပြီး ဘွတ်ကင်တင် ကွာရန်တင်းဝင်တာတွေ လုပ်ကြဖို့လည်း ပြောပါတယ်။”
ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ အယောက် ၅၀ ထိရှိခဲ့ပြီး ကူးစက်မှုအသစ် ၆၁၆၆ ယောက်ရှိခဲ့တယ်လို့ ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်
ဒါကြောင့်မို့ လက်ရှိအချိန်ထိ နိုင်ငံတဝန်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူပေါင်း ၂,၂၇၆ ယောက်နဲ့ ကူးစက်ခံရသူပေါင်း ၂၈၉,၂၃၃ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ကူးစက်မှုအသစ်တွေထဲမှာတော့ အကျဉ်းထောင်တွေက ၈၄ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။
၏အာဆီယံနိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ သန်းချီကူးစက်ခံ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတို့ ပြီးရင် မလေးရှားနိုင်ငံက ရောဂါကူးစက်ခံရသူပေါင်း ၇ သိန်း ၇ သောင်းကျော်၊ သေဆုံးသူပေါင်း ၅,၄၀၀ ကျော်နဲ့ ရှိနေပြီး ထိုင်းနိုင်ငံကတော့ အမှတ်စဉ် ၄ နေရာမှာ ရှိနေပါတယ်။