ဩစတြေးလျနိုင်ငံမှာ မကြာခင်က ကိုဗစ်လော့ခ်ဒေါင်း ဖြေလျှော့ခဲ့ပြီးနောက် ဒီဇင်ဘာ ၂၅ ရက်က ဆစ်ဒနီမြို့၊ ဘွန်ဒီကမ်းခြေမှာ ခရစ္စမတ်အားလပ်ရက်ကို လူအမြောက်အမြား ပျော်ရွှင်စွာ အပန်းဖြေခဲ့ကြပါတယ်။
ရာသီဥတု သာသာယာယာရှိတာကြောင့် ဩစတြေးလျမှာ သောင်တင်နေတဲ့ နိုင်ငံခြားသားတွေ ကလည်း သူတို့ နိုင်ငံတွေ မပြန်သေးဘဲ ဒေသခံမိတ်ဆွေတွေနဲ့အတူ အပန်းဖြေခဲ့ပါတယ်။
ခရစ္စမတ်ပွဲတော်စိတ်ဓာတ်နဲ့ ပျော်ရွှင်နေကြတဲ့ လူတွေဟာ ဆန်တာကလော့စ်ဦးထုပ်ဆောင်းပြီး သဲသောင်ပြင် ခရစ္စမတ်သစ်ပင်တွေနဲ့ ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်တွေပေါ် တင်ကြပါတယ်။
အသက်ကယ်မယ့် စေတနာ့ဝန်ထမ်းအစောင့်တွေ ချထားပြီး ကမ်းခြေပေါ်မှာ အရက်သောက်တာကို တင်းတင်းကျပ်ကျပ် တားမြစ်ထားကာ ရဲတွေက စောင့်ကြည့်နေခဲ့ကြပါတယ်။
ချင်းပြည်နယ်မှာ ဒီဇင်ဘာ ၂၂ ရက်နေ့အထိ စစ်ကောင်စီက စစ်ကားအစီး ၅၀ လောက်နဲ့ အင်အားဖြည့်တင်းနေပြီး ခရစ္စမတ်ကာလမှာ CDF တွေနဲ့ ပြည်သူတွေ စစ်ပန်းအောင် ထိုးစစ်ဆင်ဖို့ ရည်ရွယ်လုပ်ဆောင်နေတာလို့ ချင်းအမျိုးသားတပ်ဦး တာဝန်ရှိသူတဦးက ပြောပါတယ်။
ခရစ်ယာန်ဘာသာဝင်တွေ ဘာသာရေးဘက်စိတ်လည်နေချိန်မှာ ဖိအားပေးထိုးစစ်ဆင်ဖို့ စစ်ကောင်စီက ရည်ရွယ် ချက်ရှိရှိပြင်ဆင်နေတာဟာ လူမဆန်မှုဖြစ်ပြီး ဘာသာရေးကို အနိုင်ကျင့်စော်ကားတာလို့ ဆိုပါတယ်။
ချင်းအမျိုးသားတပ်ဦးက ဆလိုင်းထက်နီက “ ဘုရားကျောင်းတွေမှာ တည်းခိုပြီးတော့ ဘုရားကျောင်းမီးရှို့တာ ဆိုကတည်းက ခရစ္စမတ်နဲ့ နှစ်သစ်ကူးကျမှ ဒီလိုလုပ်နေတာတော့ ဘာသာရေးအခွင့်အရေးချိုးဖောက်နေတာ။ ကျနော်တို့ ချင်းပြည်သူနဲ့အများယုံကြည်ကိုး ကွယ်တဲ့ဘာသာ ထိပါးစော်ကားတယ်လို့ ပြောချင်ပါတယ်။”လို့ ပြောပါတယ်။
ချင်းပြည်နယ်၊ မင်းတပ်မြို့ကိုလည်း စစ်ကောင်စီက အင်အား ၈၀ လောက်စီပါတဲ့ စစ်ကြောင်း နှစ်ခုနဲ့ ထိုးစစ်ဆင်နေတယ်လို့ မင်းတပ် CDF တာဝန်ရှိသူကပြောပါတယ်။
ဒီဇင်ဘာ ၂၂ ရက် မနက်ပိုင်းမှာတော့ စစ်ကောင်စီတပ်တွေက မင်းတပ်မြို့နယ်၊ ဝမ္မသူးကျေးရွာအနီးမှာ သဲအိတ်တွေချပြီး တပ်စွဲဖို့ပြင်ဆင်နေတယ်လို့ဆိုပါတယ်။
မင်းတပ်လူငယ်တွေကတော့ ဒီနှစ်ခရစ္စမတ်ကာလမှာ ဘာသာရေးထက် တော်လှန်ရေးကို ဦးစားပေးဖို့ပဲ စိတ်အားထက်သန်နေကြတယ်လို့ ဆိုပါတယ်။
မင်းတပ် CDF တာဝန်ရှိသူတယောက်က “ဓမ္မနဲ့ အဓမ္မ သဘောဆိုတော့လေ။ ခါတိုင်းခရစ္စမတ်တွေလိုတော့ ဖြစ်မှာမဟုတ်ဘူး။ ဒီခရစ္စမတ်ကတော့လေ။ တခြားခရစ္စမတ်တွေလို ပျော်စရာမကောင်းပေမဲ့ တခြား ခရစ္စမတ်တွေထက်တော့ အဓိပ္ပါယ် ပိုရှိမှာပဲပေါ့။ ကိုယ့်ရဲ့ လွတ်လပ်ခြင်းကို ကိုယ်တိုက်ယူရတယ်။ ကိုယ်ရဲ့ ပျော်ရွှင်ခြင်းကို ကိုယ်ပြန်တိုက်ယူမယ်ပေါ့။”လို့ ပြောပါတယ်။
စစ်ကောင်စီက ချင်းပြည်နယ်က ခရစ်ယာန်ဘာသာဝင်တွေကိုပဲ ဘာသာရေးအရ အနိုင်ကျင့်စော်ကားတာမျိုးမဟုတ်ဘဲ မကွေးတိုင်း ယောဒေသနဲ့ စစ်ကိုင်းတိုင်းအတွင်းမှာလည်း သံဃာအတုအယောင်တွေကို အသုံးပြုပြီး နယ်မြေထိန်းချုပ်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၂ ရက် မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အနောက်ဘက် ရွှေဂူတောင်ကုန်းကို စစ်ကောင်စီက သိမ်းပိုက်တပ်စွဲဖို့ ပြင်ဆင်နေတာကြောင့် ဒေသခံ PDF တွေနဲ့ အပြန်အလှန် တိုက်ပွဲဖြစ်နေတယ်လို့ စစ်ကိုင်းဒေသခံနိုင်ငံရေးသမားတစ်ယောက်ကပြောပါတယ်။
စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းမှာ အစ္စလာမ်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား ပြဿနာဖြစ်စေနိုင်တဲ့ စာရွက်တွေကိုလည်း လေယာဉ်ပေါ်က နေကြဲချတာတွေလည်း ပြုလုပ်ခဲ့ပါတယ်။
စစ်ရေးအရ လေကြောင်းပစ်ကူတွေကိုပါအသုံးပြုပြီး ထိုးစစ်ဆင်နေသလို ဘာသာရေး၊ လူမျိုးရေးမှိုင်းတွေတိုက်ပြီး ဒေသခံတွေအကြား သွေးကွဲအောင် စိတ်ဓာတ်စစ်ဆင်ရေး ဆောင်ရွက်နေတာဖြစ်ပါတယ်။
အစောပိုင်းကာလက အနောက်မြောက်တိုင်းစစ်ဒေသတွင်း စစ်ရေးအခြေအနေတွေကို စစ်ကောင်စီက သတင်းထုတ်ပြန်လေ့မရှိခဲ့ပေမယ့် ဒီဇင်ဘာလနှောင်းပိုင်းအခြေအနေတွေမှာတော့ အနောက်မြောက်တိုင်းစစ်ဒေသနဲ့ပတ်သက်တဲ့ သတင်းအမှားတွေကို စစ်ကောင်စီက ဆက်တိုက် ဝါဒဖြန့် ထုတ်ပြန်နေပါတယ်။