close

ခရစ္စမတ်

close

December 28, 2022

နှင်းမုန်တိုင်းကြောင့် နယူးယောက်တွင် လူ ၂၈ ဦးထက်မနည်း သေဆုံး

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်အနောက်ပိုင်းမှာ ခရစ္စမတ် နှင်းမုန်တိုင်းကြောင့် လူ ၂၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အဲရီးကောင်တီ တာဝန်ရှိသူတွေက ဒီဇင်ဘာ ၂၇ ရက်မှာ အတည် ပြောပါတယ်။

နှင်းမုန်တိုင်းကြောင့် သေဆုံးသူ ၃ ဦး ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေး စစ်ဆေးရေးမှူးရုံးနဲ့ ကျန်းမာရေးဌာနတို့က အတည်ပြုခဲ့တယ်လို့ အဲရီးကောင်တီရဲ့ အမှုဆောင်အရာရှိချုပ် မာ့ခ်ပိုလွန်ကာ့ဇ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ နယ်မြေအများစုကို ဖြတ်ကျော်ပြီး မက္ကဆီကိုနယ်စပ်အထိ ရက်အတန်ကြာ တိုက်ခတ်ခဲ့တဲ့ နှင်းမုန်တိုင်းဟာ နယူးယောက် အနောက်ပိုင်းကို အပြင်းထန်ဆုံး ထိခိုက်ခဲ့တာပါ။

မကြာသေးခင်ရက်တွေအတွင်း ရာသီဥတုဆိုင်ရာ ဖြစ်ရပ်တွေကြောင့် နိုင်ငံတဝန်းမှာ သေဆုံးသူ အနည်းဆုံး အယောက် ၆၀ လောက်ရှိကြောင်း NBC သတင်းက ဆိုပါတယ်။

နယူးယောက်ပြည်နယ်ရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ဘတ်ဖဲလိုးမြို့မှာ သောကြာနေ့က ဖြစ်ပေါ်ခဲ့တဲ့ နှင်းမုန်တိုင်းကြောင့် မြေတပြင်လုံး နှင်းဖုံးခဲ့ရပြီး အုပ်ချုပ်ရေးမှူး ကေသီဟိုချူးလ်က ဒီဖြစ်ရပ်ကို “တသက်မှာ တကြိမ်ကြုံရတဲ့ ရာသီဥတုဘေးအန္တရာယ်” လို့ ခေါ်ဆိုခဲ့ပါတယ်။

အဲရီးကောင်တီ အာဏာပိုင်တွေရဲ့ ပြောကြားချက်အရ သေဆုံးသွားသူတွေထဲက တချို့ကို ကားထဲမှာ အေးခဲလျက်သား တွေ့ရှိရပြီး တချို့က အပြင်ဘက်က နှင်းပြင်တွေထဲမှာ သေဆုံးနေကြတာ ဖြစ်ပြီးတော့ တချို့ကလည်း နှင်းတွေကို တူးထုတ်လှည်းကျင်းနေတုန်း နှလုံးရပ်သွားတာလိုမျိုး ဆေးဘက်ဆိုင်ရာ အရေးပေါ်အခြေအနေတွေကြောင့် သေဆုံးကုန်တာပါ။

ဒေသအများစုမှာ ကားမောင်းခွင့် ပိတ်ပင်ထားမှုကို ရုပ်သိမ်းလိုက်ပေမဲ့လည်း ဘတ်ဖဲလိုးမြို့မှာတော့ အသက်ဝင်ဆဲဖြစ်ကြောင်း အဲရီးကောင်တီရဲ့ အမှုဆောင်အရာရှိချုပ် ပိုလွန်ကာ့ဇ်က ပြောပါတယ်။

ပိုလွန်ကာ့ဇ်ရဲ့ ပြောကြားချက်အရ လူအများအပြားဟာ တားမြစ်ချက်ကို လျစ်လျူရှုနေကြလို့ ကောင်တီအနေနဲ့ ပြည်နယ် အမျိုးသားအစောင့်တပ်မှ စစ်ရဲအယောက် ၁၀၀ နဲ့ နယူးယောက်စီးတီးက အရာရှိတွေကို ဆင့်ခေါ်ထားပြီး ယာဉ်ကြောပိတ်ဆို့မှုကို ကူညီဖြေရှင်းပေးဖို့၊ လမ်းပေါ်ရှိ နေထိုင်သူတွေကို အိမ်ပြန်ပို့ပေးဖို့၊ မြို့တွင်းကိုဝင်ရောက်ဖို့ ကြိုးစားနေတဲ့ ကားသမားတွေကို လာရာလမ်း ပြန်လှည့်ခိုင်းပေးဖို့ ခရိုင်က တောင်းဆိုထားပါတယ်။

3 mins Ago

December 26, 2022

ခရစ်တော်မွေးရာ ဘတ်လင်ဟမ်မြို့တွင် ခရစ္စမတ် ဝတ်ပြုဆုတောင်းပွဲကျင်းပ

ယေရှူခရစ်တော် မွေးဖွားရာနေရာအဖြစ် အစဉ်အလာအရ အထွတ်အမြတ်ထားကြတဲ့ အနောက်ဘက်ကမ်းက ဘတ်လင်ဟမ်မြို့မှာ ဒီဇင်ဘာ ၂၅ ရက်က ခရစ္စမတ်ဝတ်ပြု ဆုတောင်းပွဲ ကျင်းပခဲ့ပါတယ်။ 

ဒီပွဲကို ကိုးကွယ်ယုံကြည်သူတွေ အများအပြားတက်ရောက်ခဲ့ကြပြီး ဂျေရုစလင်ရဲ့ အဆင့်မြင့် ဂိုဏ်းအုပ် ဘုန်းတော်ကြီး ပီယာဘတ်တီစတာ ပီဇာဘော်လာက ဘတ်လင်ဟမ်မြို့က ဒီဝတ်ပြုဆုတောင်းပွဲကို ဦးဆောင်ခဲ့တာပါ။ 

ဒီအခမ်းအနားကို   ပါလက်စတိုင်းသမ္မတ မိုဟာမက် အဘာ့စ် လည်းတက်ရောက်ခဲ့ပါတယ်။ အခမ်းအနားမှာ ခရစ်ယာန်ဓမ္မတေး သံစုံအဖွဲ့ရဲ့  ဓမ္မတေးနဲ့ သီဆိုဂုဏ်ပြုတဲ့အစီအစဉ်လည်း ပါဝင်ပါတယ်။ 

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တားမြစ်ပိတ်ပင်မှုတွေအပြီး ၂ နှစ်အကြာမှာပဲ ဘတ်လင်ဟမ်မြို့မှာ ရှိတဲ့ မန်ဂါရင်ပြင်မှာ ဒီဇင်ဘာ ၂၄ ရက်က သင်းအုပ်ဘုန်းတော်ကြီးနဲ့အတူ များပြားလှတဲ့ လူစုလူဝေးကြီး ဆုံစည်းခဲ့ကြပါတယ်။

ကိုဗစ်ကပ်ရောဂါ မဖြစ်ပွားခင် ၂၀၁၉ ခုနှစ်၊ ဆောင်းရာသီတုန်းက ဘတ်လင်ဟမ်မြို့ကို လာရောက်ခဲ့ကြတဲ့ လည်ပတ်သူ ၃ သန်းခွဲထက်စာရင်တော့ ဒီနှစ် ပွဲတော်ကိုလာရောက်သူ အရေအတွက်က အများကြီး လျော့နည်းနေပါသေးတယ်။ 

2 days Ago
Up