စစ်ဘေးဒဏ်ခံနေရပေမယ့် ယူကရိန်းနိုင်ငံ မာရီယူပိုမြို့က ခရစ်ယာန် ဘာသာဝင်တွေဟာ ဧပြီ ၂၄ ရက်က ဘုရားကျောင်းတက်ပြီး ဝတ်ပြုဆုတောင်းကြပါတယ်။
ဒီတနင်္ဂနွေနေ့ဟာ အော်သိုဒေါက် ခရစ်ယာန်တွေအတွက် အရေးကြီးတဲ့ အီစတာ အားလပ်ရက် ဖြစ်တဲ့အတိုင်း ယုံကြည်ကိုးကွယ်သူတွေဟာ မာရီယူပို မြို့လယ်က ခရစ်ယာန် ဘုရားကျောင်း (Holy Trinity) မှာ အီစတာ ဓလေ့ထုံးတမ်းအတိုင်း ဘုရားကျောင်း လာတက်ကြတာပါ။
ဒီဘုရားကျောင်းဟာ စစ်ကြောင့် ပျက်စီးနေတဲ့ ပေါ့ဒ်စီးတီး ဈေးဝယ်ကုန်တိုက်နဲ့ ၁ ကီလိုမီတာပဲ ဝေးပါတယ်။ ဘုရားကျောင်းကိုလည်း အမြောက်ဆန် တကြိမ် လာထိမှန်ခဲ့တယ်လို့ သင်းအုပ်ဆရာတော်က ပြောပါတယ်။
ဝတ်ပြုဆုတောင်းပွဲဟာ ဖေဖော်ဝါရီ ၂၅ ရက်နေ့နောက်ပိုင်းကတည်းက ပထမဆုံး ပြန်လည်ပြုလုပ်တာလို့ ဆိုပါတယ်။
စစ်ဘေးဒဏ်ခံနေရတဲ့ ယူကရိန်းနိုင်ငံ ကီယက်ဗ်မြို့က ခရစ်ယာန်ဘာသာဝင်တွေဟာ တနင်္ဂနွေနေ့က ရိုးရာမပျက် ဘုရားကျောင်းတက် ဝတ်ပြုဆုတောင်းခဲ့ကြပါတယ်။
စစ်ဖြစ်နေတဲ့ကြားက အခုလို ရက်ကြီးခါကြီး (Palm Sunday) ဝတ်ပြုဆုတောင်းပွဲကို တက်ရောက်ရတာဟာ တချို့အတွက် စွန့်စားခန်းတခုလို ဖြစ်နေပါတယ်။
နာတာလီယာဆိုတဲ့ ပင်စင်စားတယောက်က ဒီနေ့ ဘုရားကျောင်းလာမှာကို သူ့မိသားစုတွေက စိတ်ပူနေကြတဲ့ အကြောင်းပြောပြပါတယ်။ မိသားစုတွေကို အသိမပေးဘဲ လာခဲ့တာ၊ ကြောက်ကြောက်နဲ့ လာရတာပဲ လို့ ပြောပြပါတယ်။
ကျမ်းစာထဲမှာတော့ Palm Sunday (ပန်းဆန်းဒေး) နေ့မှာ ယေရှုခရစ်တော်ဟာ နောက်လိုက် အခြံအရံတွေနဲ့အတူ ဂျေရုစလင်မြို့ထဲကို မြည်းစီးပြီး ဝင်လာတဲ့အချိန်၊ ယုံကြည်သူတွေက ကြိုဆိုကြတဲ့ နေ့ရက်၊ အော်သိုဒေါက်တွေရဲ့ ဘာသာရေးဆိုင်ရာ ရက်ကြီးရက်မြတ် ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီနှစ်မှာတော့ ကီယက်ဗ်မြို့ဟာ ရုရှားက ပစ်နေတဲ့ အမြောက်ဆံတွေ၊ ဒုံးကျည်တွေ အောက်ရောက်နေတာကြောင့် ဘာသာရေးပွဲတော်ကိုလည်း ပျော်ပျော်ရွှင်ရွှင် မကျင်းပနိုင်ပါဘူး။
မြို့တော်ဝန် ဗစ်တလီကလစ်ရှ်ကိုကလည်း ပြည်သူတွေ အိမ်ထဲမှာပဲ နေကြဖို့ ပန်ကြား ထားပါတယ်။