close

ချမ်းသာရွာ နှစ် ၁၀၀ သက်တမ်းရှိ ခရစ်ယာန်ဘုရားကျောင်း အပါအဝင် နေအိမ် ၆၀၀ ကျော်ကို စစ်တပ်မီးရှို့

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်၊ ချမ်းသာကျေးရွာကို ဇန်နဝါရီ ၁၅ ရက် မနက်ပိုင်းက စစ်ကောင်စီ စစ်ကြောင်းက ခရစ်ယာန်ဘုရားရှိခိုးကျောင်း တကျောင်းအပါအဝင် လူနေအိမ် ၆၀၀ ကျော်ကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချမ်းသာကျေးရွာကို ဇန်နဝါရီ ၁၄ ရက်ကတည်းက စတင်ဝင်ရောက် မီးရှို့ကာ ဇန်နဝါရီ ၁၅ ရက် မနက်ပိုင်းမှာလည်း ထပ်မံမီးရှို့ခဲ့တာပါ။

ဒေသခံ အမျိုးသားတဦးက "၁၄ ရက်က တကြိမ်၊ ၁၅ ရက်မှာ တကြိမ် နေရာတွေခွဲပြီး မီးရှို့တာ။ နေအိမ် အလုံး ၆၀၀ ကျော် မီးလောင်တယ်။ နှစ် ၁၀၀ ကျော်က ဆောက်ထားတဲ့ ခရစ်ယာန် ဘုရားရှိခိုးကျောင်းလည်း မီးထဲပါသွားပြီ။ အကုန်ပြာကျအောင် ရှို့တာ။ ချမ်းသာကြီး ကျေးရွာက သူတွေနဲ့ အနီးနားရွာက  လူတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်" လို့ ပြောပါတယ်။

စစ်ကောင်စီက  မီးရှို့ဖျက်ဆီးခဲ့လို့ ရေဦးမြို့နယ်အနောက်ခြမ်းက ကျေးရွာဖြစ်တဲ့ ချမ်းသာကြီး ရွာနဲ့ ရွာအနီးနားက ပြည်သူ ၁ သောင်းနီးပါး နေရပ်စွန့်ခွာ ရှောင်တိမ်း နေထိုင်ကြရတာပါ။

ချမ်းသာကြီးကျေးရွာကို   ၂၀၂၂ ခုနှစ် ဇူလိုင်လက နှစ်ကြိမ်၊ ဒီဇင်ဘာလက တကြိမ် စစ်ကောင်စီ တပ်က  မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up