close

ခရိုင်တရားရုံး

close

August 19, 2022

ရန်ကုန်တိုင်းတွင် ခရိုင်တရားရုံး ၁၄ ရုံး ထပ်တိုးဖွင့်လှစ်

ရန်ကုန်တိုင်းရှိ မြို့နယ်တွေမှာ ရာဇဝတ်မှုတွေနဲ့ တရားမမှုတွေကို စစ်ဆေးစီရင်နိုင်ဖို့ ခရိုင်တရားရုံး ၁၄ ရုံး ထပ်တိုးဖွင့်လှစ်လိုက်တယ်လို့ တရားလွှတ်တော်ရှေ့နေတွေဆီက သိရပါတယ်။

ရန်ကုန်မှာ အရင်က အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်၊ မြောက်ပိုင်းခရိုင် လေးခုသာရှိရာမှ ၂၀၂၂ ခုနှစ် ဧပြီ ၃၀ ရက်မှာ အဆိုပါ ခရိုင်လေးခုကိုဖျက်ပြီး စစ်ကောင်စီက ခရိုင် ၁၄ ခု ပြောင်းလဲဖွဲ့စည်းခဲ့တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ဒီလိုပြင်ဆင်ပြောင်းလဲနေတာ လာမယ့် ရွေးကောက်ပွဲအတွက် မင်းအောင်လှိုင်က နောက်ထပ် သက်တမ်း ခြောက်လတိုးထားတော့ အဲဒီ မတိုင်ခင် အပြီးလုပ်ရမှာ။ အခု ခရိုင်တွေ ပြောင်းတာ လူတွေက သိပ်မသိဘူး။ လူသိလာအောင် တရားရုံးက အရင်စလုပ်တာ။”

ခရိုင်တရားရုံးရှိရာ မြို့နယ်တွေကတော့ တိုက်ကြီး၊ လှည်းကူး၊ မှော်ဘီ၊ မင်္ဂလာဒုံ၊ အင်းစိန်၊ သင်္ဃန်းကျွန်း၊ ဗိုလ်တထောင်၊ ဒဂုံမြို့သစ်၊ သန်လျင်၊ တွံတေး၊ ကျောက်တံတား၊ အလုံ၊ ကမာရွတ်နဲ့ မရမ်းကုန်းဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ကျမတို့က လှိုင်မှာနေတော့ ခရိုင်တရားရုံးဆိုရင် မရမ်းကုန်းခရိုင် တရားရုံးကို သွားရမယ်။ မြို့နယ်တရားရုံးက ရှိနေမှာပဲ။ ခရိုင်တရားရုံးတွေတော့ များသွားတာပေါ့။”

လတ်တလောမှာ ခရိုင်တရားရုံးတွေ တိုးချဲ့ဖွင့်လှစ်လိုက်ပေမဲ့ တရားစီရင်ရေးကိစ္စ၊ စီမံခန့်ခွဲရေး ကိစ္စတွေကို ဆောင်ရွက်မယ့်ဝန်ထမ်းတွေ မခန့်ရသေးဘူးလို့ တရားရုံးနဲ့ နီးစပ်သူ တဦးက ဒီဗွီဘီကို ပြောပါတယ်။

“ခရိုင်တရားရုံးဆိုတော့ မြို့နယ်ထက် ဝန်ထမ်းအင်အားပိုများတော့ ဝန်ထမ်းတွေ ခန့်ဖို့ လုပ်ရဦးမှာ။ ဒါမှ တရားရုံးက လည်ပတ်လို့ရမှာ။” လို့ သူရဲ့အမြင်ကို ပြောပါတယ်။

သြဂုတ် ၁၇ ရက်က အမိန့်ကြော်ငြာစာအမှတ် (၅၅၆/၂၀၂၂) နဲ့ ဖွဲ့စည်းလိုက်တဲ့ ခရိုင်တရားရုံးတွေမှာ မြို့နယ်တွေအတွင်းဖြစ်ပွားတဲ့ ရာဇဝတ်မှုတွေနဲ့ တရားမမှုတွေကို စစ်ဆေး စီရင်နိုင်ဖို့ စီရင်ပိုင်ခွင့်အာဏာ အပ်နှင်းလိုက်တာဖြစ်တယ်လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအပါအဝင် ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၄ ခုမှာ အရင်က ခရိုင် ၇၅ ခုရှိပြီး ၂၀၂၂ ခုနှစ် ဧပြီ ၃၀ ရက်မှာ ၄၆ ခရိုင် အသစ်တိုးချဲ့ ဖွဲ့စည်းလိုက်တာကြောင့် စုစုပေါင်း ၁၂၁ ခရိုင် ရှိလာပါတယ်။

6 mins Ago

July 12, 2022

မိုးမိတ်မြို့ ခရိုင်တရားရုံးအနီး ဗုံး ၃ လုံးပေါက်၊ စစ်ကောင်စီတပ်သား ၄ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့ ခရိုင်တရားရုံးအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဂိတ်စောင့်တဲ့ နေရာမှာ ဇူလိုင် ၁၁ ရက် မနက် ၉ နာရီလော်က ဗုံး ၃ လုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သား လေးယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

တာဝန်ကျဂိတ်ထဲကို လက်ပစ်ဗုံး ပစ်ထည့်ခံခဲ့ရတာလို့ သိရပြီး ဒဏ်ရာပြင်းထန်သူ နှစ်ယောက်ကိုတော့ မိုးမိတ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ မြို့ဒေသခံတဦးက ပြောပါတယ်။ 

"သူတို့ သဲအိတ်တွေကာနေတဲ့အချိန် ဗုံးပစ်သွားတာ။ ဗုံးလည်းထောင်ထားတာရှိတော့ ဗုံးပေါက်တာ အသံတော့ကျယ်တယ်။ လေး​ယောက်ထိတယ် ကြားတာ။ နှစ်ယောက်ကတော့ ဒဏ်ရာ ပြင်းတယ်တဲ့” လို့ မိုးမိတ်မြို့ဒေသခံတဦးက ပြောပါတယ်။ 

မြို့သစ်ရပ်ကွက်ခရိုင်တရားရုံးအနီး ဗုံးပေါက်ကွဲပြီးနောက် စာသင်ကျောင်းတွေက ကျောင်းသား ကျောင်းသူတွေကို နေအိမ်ပြန်ခိုင်းတယ်လို့ ပြောပါတယ်။

ဇူလိုင် ၁ ရက်စပြီး မိုးမိတ်မြို့ကနေရာ တချို့မှာ ပစ်ခတ်သံတွေ ကြားနေရပြီး ဇူလိုင် ၁၀ ရက် မနက်ပိုင်းမှာလည်း စဥ့်ကင်စစ်ကောင်စီတပ်စခန်း ဝင်ရောက်တိုက်ခိုက်ခံရကာ စစ်သားတွေ ဒဏ်ရာရခဲ့ပြီး ဆေးရုံမှာ ကုသနေရတာတွေရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

1 month Ago
Up