close

မိုးမိတ်မြို့ ခရိုင်တရားရုံးအနီး ဗုံး ၃ လုံးပေါက်၊ စစ်ကောင်စီတပ်သား ၄ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့ ခရိုင်တရားရုံးအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဂိတ်စောင့်တဲ့ နေရာမှာ ဇူလိုင် ၁၁ ရက် မနက် ၉ နာရီလော်က ဗုံး ၃ လုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သား လေးယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

တာဝန်ကျဂိတ်ထဲကို လက်ပစ်ဗုံး ပစ်ထည့်ခံခဲ့ရတာလို့ သိရပြီး ဒဏ်ရာပြင်းထန်သူ နှစ်ယောက်ကိုတော့ မိုးမိတ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ မြို့ဒေသခံတဦးက ပြောပါတယ်။ 

"သူတို့ သဲအိတ်တွေကာနေတဲ့အချိန် ဗုံးပစ်သွားတာ။ ဗုံးလည်းထောင်ထားတာရှိတော့ ဗုံးပေါက်တာ အသံတော့ကျယ်တယ်။ လေး​ယောက်ထိတယ် ကြားတာ။ နှစ်ယောက်ကတော့ ဒဏ်ရာ ပြင်းတယ်တဲ့” လို့ မိုးမိတ်မြို့ဒေသခံတဦးက ပြောပါတယ်။ 

မြို့သစ်ရပ်ကွက်ခရိုင်တရားရုံးအနီး ဗုံးပေါက်ကွဲပြီးနောက် စာသင်ကျောင်းတွေက ကျောင်းသား ကျောင်းသူတွေကို နေအိမ်ပြန်ခိုင်းတယ်လို့ ပြောပါတယ်။

ဇူလိုင် ၁ ရက်စပြီး မိုးမိတ်မြို့ကနေရာ တချို့မှာ ပစ်ခတ်သံတွေ ကြားနေရပြီး ဇူလိုင် ၁၀ ရက် မနက်ပိုင်းမှာလည်း စဥ့်ကင်စစ်ကောင်စီတပ်စခန်း ဝင်ရောက်တိုက်ခိုက်ခံရကာ စစ်သားတွေ ဒဏ်ရာရခဲ့ပြီး ဆေးရုံမှာ ကုသနေရတာတွေရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

//
Up