close

ခရီးသည်တင်ဘတ်စ်ကား

close

December 26, 2022

စပိန်တွင် ခရီးသည်တင်ဘတ်စ်ကား မြစ်ထဲကျပြီး လူ ၆ ဦးသေဆုံး

စပိန်နိုင်ငံအနောက်မြောက်ပိုင်းမှာ ခရီးသည်တင်ဘတ်စ်ကားတစင်း တံတားပေါ်ကနေ ရေပြည့်နေတဲ့မြစ်ထဲ ထိုးကျခဲ့တာကြောင့် လူ ၆ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ အရေးပေါ်ကယ်ဆယ်ရေးဌာနက ဒီဇင်ဘာ ၂၅ ရက်မှာ ပြောပါတယ်။

အသက်ရှင်ကျန်ရစ်ခဲ့တဲ့ အသက် ၆၃ နှစ်အရွယ် ယာဉ်မောင်းနဲ့ အမျိုးသမီးခရီးသည်တဦးကို မီးသတ်သမားတွေက မြစ်ထဲကနေ ကြိုးနဲ့ဆွဲထုတ်ခဲ့ရတာပါ။ ဒဏ်ရာအခြေအနေပေါ် မူတည်ပြီး နီးစပ်ရာဆေးရုံကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

အသက်ရှင်ကျန်ရစ်သူ ၂ ဦးထဲက တဦးဖြစ်တဲ့ ဒီယာဉ်မောင်းကို စစ်ဆေးရာမှာ အရက်သေစာနဲ့ မူးယစ်ဆေးဝါး မသုံးထားဘူးလို့ ရဲတပ်ဖွဲ့ပြောခွင့်ရက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

တံတားတဝိုက်က ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေ လက်ရှိမှာ ပြီးဆုံးသွားပြီလို့ သူက ဆက်ပြောပါတယ်။

လီရက်ဇ်မြစ်ထဲက ဘတ်စ်ကား အပျက်အစီးကိုလည်း ဘေးကင်းကင်း ပြန်ဆယ်ဖို့ အင်ဂျင်နီယာတွေ ကြိုးပမ်းနေကြပါတယ်။

ဂါလီရှာဒေသမှာ မိုးသည်းထန်ခဲ့လို့ လီရက်ဇ်မြစ်က ရေစီးသန်နေပြီး ရေမျက်နှာပြင် မြင့်တက်နေတဲ့အတွက် ဒီသီတင်းပတ်ကုန်ရက်မှာ ရုပ်အလောင်းတွေပြန်ရဖို့ ကြိုးပမ်းရာမှာ အဟန့်အတား ဖြစ်နေခဲ့တာပါ။

တံတားပေါ်က လမ်းဖြောင့်ပေါ်ကနေ လမ်းချော်ပြုတ်ကျခဲ့ရတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပေမဲ့ ဘတ်စ်ကားဟာ ည ၈ နာရီခွဲမှာ အနည်းဆုံး မီတာ ၄၀ အမြင့်ကနေ ရေထဲကို ထိုးကျခဲ့တာပါ။

မြစ်ရေဟာ တညတာလုံး သတ်မှတ်ချက်ထက် ကျော်လွန်စီးဆင်းနေတာကြောင့် အရေးပေါ် ကယ်ဆယ်ရေးလုပ်သားတွေဟာ ကယ်ဆယ်ရေးလုပ်ငန်းကို ခေတ္တရပ်ဆိုင်းခဲ့ရပြီး နှစ်နာရီနီးပါးအကြာ မနက်ပိုင်းမှာ လုပ်ငန်းပြန်စခဲ့ပါတယ်။

အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ယာဉ်မောင်းရဲ့ ထွက်ဆိုချက်အရ ဘတ်စ်ကား မြစ်ထဲကိုထိုးကျချိန်မှာ လူ ၉ ဦး လိုက်ပါခဲ့တယ်လို့ အာဏာပိုင်တွေက အစောပိုင်းမှာ တင်ပြခဲ့ပါတယ်။ ဒါပေမဲ့ ဆွေမျိုးတွေဆီ တိုင်ကြားထားတဲ့ ပျောက်ဆုံးအစီရင်ခံစာအရ လူ ၈ ဦးအထိ ဒီဖြစ်ရပ်ဆိုးမှာ ပါဝင်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။

ဂါလီရှာဒေသဆိုင်ရာ ဥက္ကဋ္ဌဖြစ်သူ အယ်လ်ဖွန်ဆို ရူအဲဒါ ကတော့ “အလွန်ဆိုးဝါးတဲ့” ရာသီဥတုအခြေအနေဟာ မတော်တဆဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေထဲက တခုလို့ ထောက်ပြခဲ့ပါတယ်။

2 mins Ago

July 4, 2022

ပါကစ္စတန်တွင် ခရီးသည်တင်ဘတ်စ်ကား ချောက်ထဲကျပြီး ၁၉ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံမှာ ခရီးသည် ၃၀ ကျော်ကို တင်ဆောင်ထားတဲ့ ဘတ်စ်ကား တစီးဟာ နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၃ ရက်က ချောက်ထဲ ထိုးကျလို့ အနည်းဆုံး လူ ၁၉ ယောက် သေဆုံးသွားပြီး ၁၄ ယောက် ဒဏ်ရာရသွားပါတယ်။

ဒေသအရာရှိတွေ အဆိုအရ ခရီးသည်တင်ကားဟာ ရာဝဲပင်ဒီမြို့ကနေ ကွာယက်တာမြို့ဆီကို သွားနေစဉ်မှာ မိုးသည်းထန်နေတုန်း အရှိန်နဲ့ မောင်းတာကြောင့် လမ်းချော်ပြီး ချောက်ထဲ ကျသွားတာလို့ ပြောပါတယ်။ 

သေဆုံးသွားသူတွေထဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေလည်း ပါဝင်ပါတယ်။  အခင်းဖြစ်တဲ့ နေရာကို ရဲတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ ချက်ချင်းရောက်သွားပြီး ဒဏ်ရာရသူတွေ ကို ဆေးရုံ ပို့ထားလိုက်ရတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

6 months Ago
Up