ရုရှားရဲ့ သိမ်းပိုက်ခံအဖြစ်ကနေ လွတ်မြောက်လာတဲ့ ခါဆွန်ဒေသမှာ အရပ်သားတွေနဲ့ စစ်မှုထမ်းတွေရဲ့ အလောင်းတွေကို တွေ့ရှိခဲ့ပြီး ရုရှားစစ်ရာဇဝတ်မှုပေါင်း ၄၀၀ ကျော်ကို စုံစမ်းစစ်ဆေးသူတွေက ရှာတွေ့ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက နိုဝင်ဘာ ၁၃ ရက်က ညစဉ် ရုပ်သံမိန့်ခွန်းမှာ ပြောပါတယ်။
လူတသိန်းကျော်ကို ထိခိုက်စေတဲ့ အခြေချနေထိုင်တဲ့ နေရာ ၂၂၆ နေရာမှာ တည်ငြိမ်ရေးနဲ့ ဥပဒေပြန်လည်ထူထောင်ရေးအစီအမံတွေ ချမှတ်ခဲ့တယ်လို့လည်း သူကပြောပါတယ်။
ရုရှားစစ်သားတွေနဲ့ ကြေးစားစစ်သားတွေကို ဆက်လက် ဖမ်းဆီးနေသလို ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ဒွန်းညက်စ်ဒေသမှာ တိုက်ပွဲတွေဟာ မကြာသေးမီ ရက်ပိုင်းကလို ပြန်ပြီး ပြင်းထန်လာတယ်၊ ရုရှားရဲ့ တိုက်ခိုက်မှုက ရပ်မသွားဘူးလို့ ဇလန်းစကီးက ပြောပါတယ်။
“ရုရှားရဲ့ တိုက်ခိုက်မှုအဆင့်က ကျဆင်းမသွားပါဘူး။ ပြီးတော့ ကျနော်တို့ရဲ့ ခံနိုင်ရည်နဲ့ သတ္တိအဆင့်က အမြင့်ဆုံးပါပဲ။ ကျနော်တို့ရဲ့ခံစစ်က သူတို့ကို ခွင့်မပြုပါဘူး” လို့ ယူကရိန်းသမ္မတက ပြောပါတယ်။
ယူကရိန်းတပ်တွေရဲ့ တိုက်ခိုက်မှုတွေကို ချေမှုန်းဖို့ ယူကရိန်းတောင်ပိုင်းမှာ ရုရှားတပ်တွေ ပြန်စုဖွဲ့နေတယ်လို့ ယူကရိန်း တောင်ပိုင်းစစ်ဌာနချုပ်က ဩဂုတ် ၃ ရက်မှာ ပြောပါတယ်။
ရုရှားတပ်ဖွဲ့တွေက ယူကရိန်းတောင်ပိုင်း ခါဆွန်ဒေသကို ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့လည်း ယူကရိန်းနိုင်ငံပိုင် သတင်းအေဂျင်စီက အဲဒီနေ့မှာပဲ ဖော်ပြခဲ့ပါတယ်။
ယူကရိန်းအနောက်ပိုင်း လဗစ်စ် အော့ဘလပ်စ်ဒေသထဲက ရက်ဒယ်ခစ်ဗ်မြို့မှာရှိတဲ့ ဂိုဒေါင်တခုကို ရုရှားတပ်တွေက ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပိုလန်နိုင်ငံကနေ ပေးပို့ထားတဲ့ လက်နက်တွေ ခဲယမ်းမီးကျောက်တွေ အမြောက်အမြားကို ဖျက်ဆီးခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက နေ့စဉ် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ဖေဖော်ဝါရီနှောင်းပိုင်းမှာ ယူကရိန်းအပေါ် အထူးစစ်ဆင်ရေးတရပ် ကြေညာပြီးကတည်းက ရုရှား-ယူကရိန်း ပဋိပက္ခဟာ အခုဆိုရင် အချိန် ငါးလကျော် ကြာနေခဲ့ပါတယ်။