ခုခံတော်လှန်စစ်ကို ဒီထက်အောင်မြင်အောင် ကြိုးပမ်းလုပ်ဆောင်ဖို့၊ အဆုံးသတ်အဖြစ်နဲ့ အပြုတ်တိုက်ရမယ့် တိုက်ပွဲအတွက်လည်း အစစအရာရာ စနစ်တကျ ပြင်ဆင်ထားကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
တော်လှန်ရေး သက်လုံတွေ မြှင့်ထားရမယ်၊ အဆုံးသတ် တိုက်ပွဲကို ဦးတည်နိုင်မှ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို မျှော်လင့်နိုင်မယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ဇန်နဝါရီ ၂၄ ရက် ဒီနေ့မနက်ကကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းဝေးမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။
နွေဦးတော်လှန်ရေး ၂ နှစ်တာကာလအတွက် NUG အစိုးရ အဖွဲ့ဝင် တစ်ဦးချင်းစီက မိမိတို့ လုပ်ကိုင်ခဲ့တာတွေနဲ့ပတ်သက်ပြီး ဝန်ကြီးဌာနအလိုက်ကိုယ့်ရဲ့ အခန်းကဏ္ဍနဲ့ တာဝန်တွေကို ဘယ်လောက်ထိ ပီပီပြင်ပြင် ကျကျနန လုပ်ဆောင်နိုင်ခဲ့ကြသလဲဆိုတာကို ပြန်လည် သုံးသပ်ဆင်ခြင်ဖို့လည်း ယာယီသမ္မတ ဒူဝါလရှီးလကတိုက်တွန်းပါတယ်။
ဒါ့အပြင် နွေဦးတော်လှန်ရေး (၃) နှစ်ပြည့်မယ့်အချိန်ရောက်ရင် ပြည်သူလူထုအတွက် ဘယ်လို ပန်းတိုင်မျိုးတွေကို အရောက်ဦးဆောင်ကြမှာလဲ ဆိုတာတွေကို ကြိုတင်စဉ်းစားထားကြဖို့၊ နွေဦးတော်လှန်ရေးမှာ ခိုင်မာကျစ်လျစ်တဲ့ နိုင်ငံရေးပဋိညာဉ်တစ်ခုရအောင် ဆွေးနွေး ညှိနှိုင်းမှုတွေ မပြတ်ရှိနေပြီး ခုခံတော်လှန်စစ်မှာ ခိုင်မာတဲ့ မဟာမိတ်ဆက်ဆံရေးကိုလည်း စနစ်တကျ တည်ဆောက်နေတယ်လို့ NUG ခေါင်းဆောင်က ပြောပါတယ်။
“ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်အတွက် ကျနော်တို့အားလုံးမှာ ဘုံသဘောတူညီချက်တွေ ဘုံရည်မှန်းချက်တွေ လိုအပ်ပါတယ်။ နိုင်ငံတစ်ခု ပြန်လည်ထူထောင်ရေး ကိစ္စဟာ အင်မတန် နက်နဲသလို အင်မတန်လည်း ရှုပ်ထွေးပါတယ်။ ဒါ့အပြင် တိုင်းပြည်ထူ ထောင်ရေးကိစ္စဟာ အနုပညာတစ်ရပ်လို နှလုံးသားနဲ့ ရင်းပြီး လုပ်ကိုင်ရတဲ့ ကိစ္စလည်းဖြစ်ပါတယ်။ ကျနော်တို့ဟာ နောင်လာမယ့် မျိုးဆက်တွေအတွက် နှလုံးသားကြီးကြီး ရှိထားရပါလိမ့်မယ်။ ဒါ့အပြင် နောင် နှစ်ပေါင်း လေးငါးခြောက်ဆယ်လောက်အထိ ကြိုတင် မြော်မြင်ထားကြဖို့လည်း လိုပါတယ်။ ပဋိပက္ခဟာ ယာယီသဘောဖြစ်ပါတယ်။ ပဋိပက္ခအလွန်ကာလတွေမှာ ကျနော်တို့ လူ့အဖွဲ့အစည်းကို ဘယ်လို ပုံစံမျိုး မြင်ချင်သလဲဆိုတာကို အခုကတည်းက ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မြင်ထားကြရပါလိမ့်မယ်။ ဒါဟာ သိပ်အရေးကြီးတယ်လို့ ယူဆပါတယ်။”
နိုင်ငံရေးပြဿနာကို စားပွဲဝိုင်းမှာပဲ ဖြေရှင်းချင်ကြတဲ့သူတွေဖြစ်ပေမဲ့ လူထုက လက်နက်ကိုင်ပြီး ခုခံမှကို ရတော့မယ့် အခြေအနေကို မြန်မာစစ်ခေါင်းဆောင်တွေက တွန်းပို့ခဲ့တာဖြစ်လို့ “စပြီးတဲ့ ဇာတ်ကို ဆုံးအောင် က,ကြရမယ်” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
ဒီအစည်းအဝေးမှာ ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးဌာနက ၇၆ နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုတဲ့ အခမ်းအနားကျင်းပရေးကိစ္စတင်ပြတာ၊ အကြမ်းမဖက် အာဏာဖီဆန်ရေး(CDM) လှုပ်ရှားမှုကို ၂ နှစ်တိတိ ရဲရဲဝံ့ဝံ့ ရွပ်ရွပ်ချွံချွံ ခိုင်မာသောစိတ်ဓာတ်နဲ့ လုပ်ဆောင်နေတဲ့ ပြည်သူ့ သူရဲကောင်းတွေနဲ့ နိုင်ငံသူရဲကောင်းတွေကို ဂုဏ်ပြုချီးမြှင့်ဖို့ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။ ထုတ်ပြန်ကြေညာရန် တင်ပြတာတွေ ပြုလုပ်ခဲ့ပါတယ်။
ဒီအစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ အပါအဝင် ပြည်ထောင်စု ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့က စစ်ဆေးရေးဂိတ်တခုကို ပြည်သူ့ကာကွယ်ရေး ညီနောင်မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ ၃ ဖွဲ့က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ စစ်သား ၃ ယောက်နဲ့ ရဲတပ်သား ၁ ယောက်၊ စုစုပေါင်း ၄ ယောက် သေဆုံးခဲ့တယ်လို့ မုံရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) က ထုတ်ပြန်ပါတယ်။
ဧပြီ ၂၇ ရက် ဒီမနက်ပိုင်းမှာ မုံရွာမြို့၊ ဘိုးဘွားရိပ်သာ အဝိုင်းပတ်အနီးက စစ်ဆေးရေးဂိတ်ကို မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF)၊ Monywa The Boy အထူးကွန်မန်ဒိုအဖွဲ့ (မုံရွာခရိုင်တပ်ရင်း ၂) နဲ့ Special Force 11 အဖွဲ့တွေက လက်နက်ငယ်တွေနဲ့ အနီးကပ် ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး စစ်ကောင်စီဘက်က ပြင်းထန် ထိခိုက်ဒဏ်ရာ ရရှိသွားသူ ၃ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံတဝန်းမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။
လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မနေ့က တရက်တည်းမှာ ကချင်ပြည်နယ်၊ ရန်ကုန်တိုင်းနဲ့ မကွေးတိုင်းတို့မှာ ၁ ကြိမ်စီ၊ တနင်္သာရီတိုင်းမှာ ၃ ကြိမ်၊ စစ်ကိုင်းတိုင်းမှာ ၁၁ ကြိမ်နဲ့ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မြန်မာပြည်တွင်း ပြည်သူ့ခုခံတော်လှန်စစ် အရှိန်မြှင့်ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်ကနေ မတ် ၆ ရက်အထိ ၁ လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂,၀၉၅ ယောက် သေဆုံးခဲ့တယ်လို့လည်း NUG က နောက်ဆုံး သတင်းထုတ်ပြန်ထားပါတယ်။