close

မုံရွာမြို့ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး စစ်သားနှင့် ရဲ ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က စစ်ဆေးရေးဂိတ်တခုကို ပြည်သူ့ကာကွယ်ရေး ညီနောင်မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ ၃ ဖွဲ့က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ စစ်သား ၃ ယောက်နဲ့ ရဲတပ်သား ၁ ယောက်၊ စုစုပေါင်း ၄ ယောက် သေဆုံးခဲ့တယ်လို့ မုံရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) က ထုတ်ပြန်ပါတယ်။

ဧပြီ ၂၇ ရက် ဒီမနက်ပိုင်းမှာ မုံရွာမြို့၊ ဘိုးဘွားရိပ်သာ အဝိုင်းပတ်အနီးက စစ်ဆေးရေးဂိတ်ကို မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF)၊ Monywa The Boy အထူးကွန်မန်ဒိုအဖွဲ့ (မုံရွာခရိုင်တပ်ရင်း ၂) နဲ့ Special Force 11 အဖွဲ့တွေက လက်နက်ငယ်တွေနဲ့ အနီးကပ် ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး စစ်ကောင်စီဘက်က ပြင်းထန် ထိခိုက်ဒဏ်ရာ ရရှိသွားသူ ၃ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတဝန်းမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မနေ့က တရက်တည်းမှာ ကချင်ပြည်နယ်၊ ရန်ကုန်တိုင်းနဲ့ မကွေးတိုင်းတို့မှာ ၁ ကြိမ်စီ၊ တနင်္သာရီတိုင်းမှာ ၃ ကြိမ်၊ စစ်ကိုင်းတိုင်းမှာ ၁၁ ကြိမ်နဲ့ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မြန်မာပြည်တွင်း ပြည်သူ့ခုခံတော်လှန်စစ် အရှိန်မြှင့်ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်ကနေ မတ် ၆ ရက်အထိ ၁ လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂,၀၉၅ ယောက် သေဆုံးခဲ့တယ်လို့လည်း NUG က နောက်ဆုံး သတင်းထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up