close

ချက်နိုင်ငံသား

close

October 31, 2022

ယူကရိန်းကို ထောက်ခံကြောင်း ချက်နိုင်ငံသားများ ဆန္ဒပြ

လက်ယာစွန်းနိုင်ငံရေး လှုပ်ရှားမှုတွေ၊ ညွန့်ပေါင်းအဖွဲ့တွေနဲ့ ကွန်မြူနစ်ပါတီတို့ တနေရာတည်းမှာ ဆန္ဒထုတ် ဖော်ပြီးတဲ့နောက် နှစ်ရက်အကြာ အောက်တိုဘာ ၃၀ ရက်က ချက်နိုင်ငံ ပရာ့ဂ်မြို့ ပင်မရင်ပြင်မှာ သောင်းနဲ့ချီတဲ့ ချက်နိုင်ငံသားတွေ စုဝေးဆန္ဒပြခဲ့ကြပါတယ်။

ချက်သမ္မတနိုင်ငံ၊ အမေရိကန်၊ နေတိုးနှင့် ယူကရိန်းအလံတွေကို ဝှေ့ယမ်းနေတဲ့ လူအုပ်ကြီးဟာ ရုရှားနှင့် ရုရှားကို တိုက်တဲ့ စစ်ပွဲအတွင်း ယူကရိန်းကို ထောက်ခံကြောင်း ကြွေးကြော်ခဲ့ကြ ပါတယ်။

ခုဆန္ဒပြပွဲဟာ ဓာတ်ငွေ့ထောက်ပံ့ရေး ရုရှအစိုးရနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ အောက်တိုဘာ ၂၈ ရက်က ဥရောပသမဂ္ဂနဲ့ နေတိုးကို တောင်းဆိုဆန္ဒပြပွဲနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ Million Moments for Democracy အဖွဲ့က စီစဉ်ခဲ့တာပါ။

စွမ်းအင် စျေးနှုန်း ကြီးမြင့်မှုနဲ့ ယူကရိန်းစစ်ပွဲကြောင့် ဒီမိုကရေစီရဲ့ အနာဂတ်က စိုးရိမ်စရာ ဖြစ်နေတယ်လို့ ဆန္ဒပြပွဲ ဦးဆောင်သူတွေက ပြောပါတယ်။ ဒါ့အပြင် နိုင်ငံထဲမှာ ဖြစ်ပျက်နေတာတွေကို အာရုံစိုက်နေဖို့ တိုက်တွန်းခဲ့တဲ့ ယူကရိန်းသမ္မတကတော် အိုလေနာ ဇလန်းစကီးရဲ့ ဗွီဒီယိုကိုလည်း ဆန္ဒပြသူတွေကို ပြသခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲကြောင့် စွမ်းအင်စျေးနှုန်းကြီးမြင့်နေလို့ စားသုံးသူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ အတွက် စွမ်းအင်ကုန်ကျစရိတ်တွေ တိုးလာပြီး ဒီအခြေအနေကို တွန်းလှန်ဖို့ ဥရောပတဝန်းက အစိုးရတွေအပေါ်လည်း ဖိအားတွေ တိုးလာခဲ့ပါတယ်။ 

3 mins Ago

October 29, 2022

အစိုးရ နုတ်ထွက်ပေးရန် ချက်နိုင်ငံသား ထောင်ချီ ဆန္ဒပြ

ချက်နိုင်ငံသား ထောင်ပေါင်းများစွာဟာ အောက်တိုဘာ ၂၈ ရက်က မြို့တော်ပရာ့ဂ်မှာ ဆန္ဒပြခဲ့ကြပြီး ရွေးကောက်ပွဲ စောစောစီးစီး ကျင်းပဖို့၊ ဗဟိုလက်ယာအစိုးရ နုတ်ထွက်ပေးဖို့နဲ့ ဆောင်းရာသီမတိုင်မီ ဓာတ်ငွေ့ထောက်ပံ့မှုနဲ့ပတ်သက်လို့ ရုရှားနဲ့ဆွေးနွေးဖို့ တောင်းဆို လိုက်ပါတယ်။ 

ပရာ့ဂ်မြို့ရဲ့ ပင်မရင်ပြင်မှာ နိုင်ငံတော်အားလပ်ရက်က ဆန္ဒပြပွဲကို လက်ယာစွန်းနိုင်ငံရေး လှုပ်ရှားမှုတွေ၊ အစွန်းရောက်အုပ်စုတွေနဲ့ ကွန်မြူနစ်ပါတီတို့က တတိယကြိမ်မြောက် ကျင်းပတာဖြစ်ပါတယ်။ 

သောင်းဂဏန်းလောက်ရှိတဲ့ လူအုပ်ကြီးဟာ အရင်လုပ်ခဲ့တဲ့လူစုလူဝေး နှစ်ကြိမ်တုန်းကထက် အင်အား လျော့နည်းတယ်လို့ ရဲတပ်ဖွဲ့ကတော့  ခန့်မှန်းထားပါတယ်။ 

"ချက်သမ္မတနိုင်ငံသာ ပထမ!" ဆိုတဲ့ စည်းရုံးရေးအဖွဲ့က ဥရောပသမဂ္ဂနဲ့ နေတိုး အတ္တလန်တိတ် ဖြတ်ကျော် မဟာမိတ်အဖွဲ့ကို ဆန့်ကျင်ကန့်ကွက်ပြီး လူဦးရေ ၁၀ ဒသမ ၇ သန်းရှိတဲ့ သူတို့ချက်နိုင်ငံကို စစ်ရေးအရ ကြားနေ ဖြစ်စေချင်တာပါ။ 

ဆန္ဒပြသူတွေဟာ ချက်အလံတွေကို ဝှေ့ယမ်းပြီး အစိုးရကို “နုတ်ထွက်၊နုတ်ထွက်” လို့ ကြွေးကြော်ကာ နေတိုးနဲ့ အီးယူတို့ကနေ ထွက်ခွာဖို့ တောင်းဆိုထားတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ခဲ့ကြပါတယ်။ 

အနီးတစ်ဝိုက်မှာလည်း ယူကရိန်းကို ထောက်ခံတဲ့အနေနဲ့ တန်ပြန်ဆန္ဒပြပွဲလေး တစ်ခု ပြုလုပ်ခဲ့ပါတယ်။ 

ဝန်ကြီးချုပ် ပီတာဖီရာလာရဲ့ ချက်နိုင်ငံအစိုးရဟာ ရုရှားအပေါ် အီးယူရဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လက်မှတ်ရေးထိုးခဲ့ပြီး ယူကရိန်းကို ကျူးကျော်မှုအပေါ် တင်းတင်းမာမာ ရပ်တည်ခဲ့တာပါ။

ကုမ္ပဏီတွေအတွက် ငွေကြေးအကူအညီနဲ့ အိမ်ထောင်စုတွေအတွက် လျှပ်စစ်ဓာတ်အားခ နှုန်းထားတွေ အပါအဝင် အစီအမံ များစွာကိုလည်း ချမှတ်ခဲ့ပါတယ်။ 

2 days Ago
Up