ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်ထဲမှာ မြန်မာဘက်ကနေ ဝင်ရောက်လာတဲ့ အိုက်စ်နဲ့ ကတ်တမင်း မူးယစ်ဆေးဝါး ကီလို ၂ဝဝ ကျော်ကို ဧပြီ ၂၄ ရက်က ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။
ချင်းရိုင်ခရိုင် ချမ်းဘွန်ဂိတ်မှာ ထိုင်းအာဏာပိုင်တွေ နယ်မြေလုံခြုံရေးတာဝန် ဆောင်ရွက်နေစဥ် ဧပြီ ၂၄ ရက် ညနေ ၄ နာရီလောက်မှာ ကားအမည်းရောင်တစီး ဝင်ရောက်လာခဲ့တဲ့အတွက် စစ်ဆေးရာကနေ အခုလို ဖမ်းဆီးရမိခဲ့တာပါ။
ထိုင်းအာဏာပိုင်တွေ စစ်ဆေးရာမှာ ထိုင်းနိုင်ငံသား အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦးနဲ့အတူ အိုက်စ်မူးယစ်ဆေး ၂၃၉ ကီလိုနဲ့ ကတ်တမင်းမူးယစ်ဆေး ၁ဝ ကီလိုကျော်တို့ကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိတဲ့ ထိုင်းနိုင်ငံသားတွေကို ဆက်လက်စစ်ဆေးရာ မူးယစ်ဆေးဝါးတွေ ထိုင်းနိုင်ငံထဲကို သယ်ယူပေးဖို့ ပို့ဆောင်ခ ဘတ် ၂၀၀,၀၀၀ ရရှိမှာဖြစ်ကာ စရံအဖြစ် ဘတ် ၃၀,၀၀၀ ရရှိခဲ့တဲ့အတွက် ပို့ဆောင်ပေးခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။
ထိုင်းနိုင်ငံဥပဒေအရ အရေးယူနိုင်ဖို့ ချင်းရိုင်ခရိုင် ရဲစခန်းကို ပို့ဆောင်ထားပြီး ဒီမူးယစ်ဆေးဝါးတွေက မြန်မာဘက်ကလာတာဖြစ်ကာ ထိုင်းနိုင်ငံ၊ ဖုတ်ပရမြို့က မူးယစ်ဂိုဏ်းတခုကတဆင့် ဒီဘက်ကိုရောက်လာတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
Source:MGR Online
ထိုင်းမြောက်ပိုင်း ချင်းရိုင်ခရိုင် မယ်ဖလုန်မြို့နယ် မဲ့စလောင်းနိုင်းအုပ်စု တွန့်မုံ့ကျေးရွာ မြန်မာနယ်စပ်အနီးမှာ ပြီးခဲ့တဲ့ရက်ပိုင်း မူးယစ်ဆေးသယ်ဆောင်သူတွေနဲ့ ထိုင်းစစ်တပ် ပစ်ခတ်မှုဖြစ်ပွားတဲ့ နေရာနားမှာ စိတ်ကြွဆေးပြား ၁ သန်း ထပ်မံသိမ်းဆည်းရမိတယ်လို့ သိရပါတယ်။
တွန့်မုံ့ကျေးရွာ ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက် ညက မူးယစ်ဆေးဝါး သယ်ဆောင်လာသူတွေနဲ့ ထိုင်းစစ်တပ်တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မူးယစ်သယ်တဲ့ဘက်က ၈ ဦးသေဆုံးကာ စိတ်ကြွဆေး ၅ သန်းကျော် ဖမ်းမိခဲ့ပြီး ဖြစ်ပါတယ်။
ပထမနေ့က မူးယစ်ဆေးသယ်ဆောင်သူ ၈ ဦးရဲ့ အလောင်းအနီးတဝိုက်ရှိ အိတ်ပေါင်း ၄၅ အိတ်ထဲကနေ 999 နဲ့ Y.1 အမှတ်တံဆိပ်ပါ စိတ်ကြွဆေး ၄ သန်း ၅ သိန်းကို သိမ်းဆည်းရမိခဲ့တယ်လို့ Maesaipress သတင်းမှာ ဖော်ပြပါတယ်။
မေ ၁ ရက်နေ့ရောက်တော့ ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာရဲ့ အနောက်ဘက် ၇၀၀ မီတာ အကွာရှိ တောထဲမှာတွေ့တဲ့ အိတ် ၃ လုံးနဲ့ မီတာ ၃၀၀ အကွာရှိ မြက်တောထဲက အိတ် ၂ လုံးမှာ စိတ်ကြွဆေး ၅ သိန်း ၃ သောင်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက နယ်မြေရှင်းလင်းရေး ဆက်တိုက်ဆောင်ရွက်နေပြီး တောနင်းရှာဖွေရာမှာ မေ ၄ ရက် မနက်မှာတော့ ပစ်ခတ်မှုဖြစ်ခဲ့တဲ့နေရာနဲ့ ၄၀၀ မီတာ မြန်မာနယ်စပ်နဲ့ ၅ ကီလိုမီတာဝေးတဲ့ လျှိုမြောင်ထဲ သိုဝှက်ထားတဲ့ အိတ်ပေါင်း ၁၀ အိတ်၊ အဲဒီထဲကနေ တံဆိပ်တူ စိတ်ကြွဆေးပြားပေါင်း ၁ သန်း ထပ်မိလို့ ဒီဖြစ်ရပ်တခုတည်းမှာတင် စိတ်ကြွဆေးပြား စုစုပေါင်း ၆ သန်း ၃ သောင်း သိမ်းဆည်းရမိတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ မေ ၂ ရက်ကလည်း ချင်းမိုင်ခရိုင် ချင်းဒေါင်းမြို့နယ်တွင်းရှိ မြန်မာနယ်စပ်အနီးမှာ ဖရဲသီးတွေတင်လာတဲ့ ကား ၁ စီးပေါ်ကနေ စိတ်ကြွဆေးပြား ၁ သန်း ဖမ်းမိခဲ့ပါသေးတယ်။