ထိုင်းစစ်တပ်နှင့် မူးယစ်သယ်သူများ ပစ်ခတ်မှုဖြစ်ခဲ့သည့် နေရာအနီး စိတ်ကြွဆေး ၁ သန်း ထပ်တွေ့

ထိုင်းမြောက်ပိုင်း ချင်းရိုင်ခရိုင် မယ်ဖလုန်မြို့နယ် မဲ့စလောင်းနိုင်းအုပ်စု တွန့်မုံ့ကျေးရွာ မြန်မာနယ်စပ်အနီးမှာ ပြီးခဲ့တဲ့ရက်ပိုင်း မူးယစ်ဆေးသယ်ဆောင်သူတွေနဲ့ ထိုင်းစစ်တပ် ပစ်ခတ်မှုဖြစ်ပွားတဲ့ နေရာနားမှာ စိတ်ကြွဆေးပြား ၁ သန်း ထပ်မံသိမ်းဆည်းရမိတယ်လို့ သိရပါတယ်။
တွန့်မုံ့ကျေးရွာ ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက် ညက မူးယစ်ဆေးဝါး သယ်ဆောင်လာသူတွေနဲ့ ထိုင်းစစ်တပ်တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မူးယစ်သယ်တဲ့ဘက်က ၈ ဦးသေဆုံးကာ စိတ်ကြွဆေး ၅ သန်းကျော် ဖမ်းမိခဲ့ပြီး ဖြစ်ပါတယ်။
ပထမနေ့က မူးယစ်ဆေးသယ်ဆောင်သူ ၈ ဦးရဲ့ အလောင်းအနီးတဝိုက်ရှိ အိတ်ပေါင်း ၄၅ အိတ်ထဲကနေ 999 နဲ့ Y.1 အမှတ်တံဆိပ်ပါ စိတ်ကြွဆေး ၄ သန်း ၅ သိန်းကို သိမ်းဆည်းရမိခဲ့တယ်လို့ Maesaipress သတင်းမှာ ဖော်ပြပါတယ်။
မေ ၁ ရက်နေ့ရောက်တော့ ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာရဲ့ အနောက်ဘက် ၇၀၀ မီတာ အကွာရှိ တောထဲမှာတွေ့တဲ့ အိတ် ၃ လုံးနဲ့ မီတာ ၃၀၀ အကွာရှိ မြက်တောထဲက အိတ် ၂ လုံးမှာ စိတ်ကြွဆေး ၅ သိန်း ၃ သောင်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက နယ်မြေရှင်းလင်းရေး ဆက်တိုက်ဆောင်ရွက်နေပြီး တောနင်းရှာဖွေရာမှာ မေ ၄ ရက် မနက်မှာတော့ ပစ်ခတ်မှုဖြစ်ခဲ့တဲ့နေရာနဲ့ ၄၀၀ မီတာ မြန်မာနယ်စပ်နဲ့ ၅ ကီလိုမီတာဝေးတဲ့ လျှိုမြောင်ထဲ သိုဝှက်ထားတဲ့ အိတ်ပေါင်း ၁၀ အိတ်၊ အဲဒီထဲကနေ တံဆိပ်တူ စိတ်ကြွဆေးပြားပေါင်း ၁ သန်း ထပ်မိလို့ ဒီဖြစ်ရပ်တခုတည်းမှာတင် စိတ်ကြွဆေးပြား စုစုပေါင်း ၆ သန်း ၃ သောင်း သိမ်းဆည်းရမိတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ မေ ၂ ရက်ကလည်း ချင်းမိုင်ခရိုင် ချင်းဒေါင်းမြို့နယ်တွင်းရှိ မြန်မာနယ်စပ်အနီးမှာ ဖရဲသီးတွေတင်လာတဲ့ ကား ၁ စီးပေါ်ကနေ စိတ်ကြွဆေးပြား ၁ သန်း ဖမ်းမိခဲ့ပါသေးတယ်။