close

ချင်းအမျိုးသား

close

August 16, 2022

တမူးမြို့နယ်တွင် ချင်းအမျိုးသား ၁ ဦး ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အထက်ပိုင်း၊ သနန်ကျေးရွာနေ ချင်းအမျိုးသား ကိုထန်ခန့်ဆွန်ကို ရွာအဝင်မှာ စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့တွေက သြဂုတ် ၁၅ ရက် နေ့လယ်ပိုင်းက ဖမ်းဆီးသွားတယ်လို့ ရွာခံတချို့က ပြောပါတယ်။

ကိုထန်ခန့်ဆွန်ဟာ တမူးမြို့မှာ ‌စက်ပစ္စည်းဝယ်ပြီးအပြန် ရွာမရောက်ခင် နားခိုရာ ရိပ်သာနားမှာ စစ်ကောင်စီတပ်နဲ့ သနန်ပျူစောထီးအဖွဲ့တွေက ဖမ်းဆီးပြီး မြို့သစ်မြို့ တပ်စခန်းကို ခေါ်သွားတာ အခုထိ မိသားစုနဲ့ အဆက်အသွယ် မရသေးဘူးလို့ နီးစပ်သူတယောက်က ပြောပါတယ်။

ကိုထန်ခန့်ဆွန်ဟာ လက်သမားအလုပ် လုပ်ပြီး တခါတရံ ချိန်း‌ဆောနဲ့ သစ်ခွဲ အငှားလိုက်တဲ့ အလုပ်လည်း လုပ်သူတယောက်လို့ သိရပါတယ်။

စစ်ကောင်စီ၊ ပျူစောထီး၊ ရှမ်းနီ၊ ကသည်းသူပုန် စတဲ့အဖွဲ့ ၄ ဖွဲ့ ကြီးစိုးတဲ့ ဒေသမှာရှိတဲ့  သနန်ကျေးရွာဟာ တမူး-အောင်ဇေယျ ကားလမ်းပိုင်းမှာရှိပြီး တမူးမြို့နဲ့ မိုင် ၃၀ ကွာဝေးပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၇ ရက်နေ့ကလည်း အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့ မြို့မ (၁၂-ခ) ရပ်ကွက်၊ ပါဟဲတံတားမှာ ဆိုင်ကယ်ဖြတ်မောင်းလာတဲ့ ဒေသခံအမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်သားတွေက ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တမူးမြို့နယ်မှာ စစ်အာဏာသိမ်းပြီးချိန်မှစပြီး ဇွန်လကုန်ထိ အရပ်သားပြည်သူ ၁၉ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရပြီး ဖမ်းဆီးခံရသူ အနည်းဆုံး ၆ ဦးနဲ့ မီးရှို့ဖျက်ဆီးခံရတဲ့ အိမ်ခြေ ၁၉ လုံးထက်မနည်း ရှိလာပြီလို့ ကူကီးကျောင်းသားလူငယ်အဖွဲ့အစည်းက ထုတ်ပြန်ထားပါသေးတယ်။

1 hour Ago

August 3, 2022

မလေးရှားတွင် ချင်းအမျိုးသားတဦးက သားသမီးသုံးဦးအား တံတားပေါ်မှပစ်ချပြီး ခုန်ချအဆုံးစီရင်

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ Middle Ring Road 2 (MRR2) အဝေးပြေးလမ်းကြီးရဲ့ တံတားပေါက်မှာ မြန်မာနိုင်ငံသား ချင်းအမျိုးသားတဦးက သူ့ကလေး ၃ ယောက်ကို တံတားပေါ်ကနေ ပစ်ချပြီး ကိုယ်တိုင်လည်း ခုန်ချကာ အဆုံးစီရင်မှု ဖြစ်ပွားခဲ့ပါတယ်။

ဩဂုတ် ၂ ရက် မနက် ၅ နာရီ မိနစ် ၅၀ လောက် MRR2 အဝေးပြေးလမ်းမကြီးရဲ့ တံတားပေါ်ကနေ ကလေး ၃ ယောက် (ယောက်ျားလေးနှစ်ဦးနဲ့ မိန်းကလေးတဦး) ကို အရင်ပစ်ချပြီး ကိုယ်တိုင်ခုန်ချသေဆုံးမှု ဖြစ်ပွားခဲ့တာပါ။

အသက် ၃၈ နှစ်အရွယ် ချင်းအမျိုးသား Cholei ဟာ သူ့ကလေး ၃ ဦးဖြစ်တဲ့ သမီး Vadetisoh ၈ နှစ်၊ သား Vabiechose ၆ နှစ်နဲ့ Shadrah Vabiechopha ၃ နှစ်တို့ကို တံတားပေါ်ကနေ ပစ်ချပြီး ကိုယ်တိုင်လည်း ခုန်ချခဲ့တာလို့ မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး မလေးရှားသတင်းတွေမှာ ဖော်ပြပါတယ်။

ကလေး ၃ ဦးထဲက အငယ်ဆုံး ၃ နှစ်အရွယ်သားကတော့ ဒဏ်ရာပြင်းထန်စွာရရှိပြီး ဆလာယန်းဆေးရုံကို ပို့ဆောင်ကုသပေးထားကြောင်း ဒေသခံရဲအရာရှိရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။

ကျန်တဲ့ အသက် ၈ နှစ်၊ ၆ နှစ်အရွယ် ကလေးတွေနဲ့ အသက် ၃၈ နှစ်အရွယ် ချင်းအမျိုးသားကတော့ အခင်းဖြစ်နေရာမှာ သေဆုံးသွားတယ်လို့ ဖော်ပြထားပါတယ်။

သေဆုံးသူတွေဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ထုတ်ပေးထားတဲ့ သက်သေခံကတ်ပြား ကိုင်ဆောင်ထားတယ်လို့ ဆိုပါတယ်။

ရုပ်အလောင်းအားလုံး ကွာလာလမ်ပူဆေးရုံက မှုခင်းဆေးကုသရေးဌာနကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

2 weeks Ago
Up