close

မလေးရှားတွင် ချင်းအမျိုးသားတဦးက သားသမီးသုံးဦးအား တံတားပေါ်မှပစ်ချပြီး ခုန်ချအဆုံးစီရင်

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ Middle Ring Road 2 (MRR2) အဝေးပြေးလမ်းကြီးရဲ့ တံတားပေါက်မှာ မြန်မာနိုင်ငံသား ချင်းအမျိုးသားတဦးက သူ့ကလေး ၃ ယောက်ကို တံတားပေါ်ကနေ ပစ်ချပြီး ကိုယ်တိုင်လည်း ခုန်ချကာ အဆုံးစီရင်မှု ဖြစ်ပွားခဲ့ပါတယ်။

ဩဂုတ် ၂ ရက် မနက် ၅ နာရီ မိနစ် ၅၀ လောက် MRR2 အဝေးပြေးလမ်းမကြီးရဲ့ တံတားပေါ်ကနေ ကလေး ၃ ယောက် (ယောက်ျားလေးနှစ်ဦးနဲ့ မိန်းကလေးတဦး) ကို အရင်ပစ်ချပြီး ကိုယ်တိုင်ခုန်ချသေဆုံးမှု ဖြစ်ပွားခဲ့တာပါ။

အသက် ၃၈ နှစ်အရွယ် ချင်းအမျိုးသား Cholei ဟာ သူ့ကလေး ၃ ဦးဖြစ်တဲ့ သမီး Vadetisoh ၈ နှစ်၊ သား Vabiechose ၆ နှစ်နဲ့ Shadrah Vabiechopha ၃ နှစ်တို့ကို တံတားပေါ်ကနေ ပစ်ချပြီး ကိုယ်တိုင်လည်း ခုန်ချခဲ့တာလို့ မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး မလေးရှားသတင်းတွေမှာ ဖော်ပြပါတယ်။

ကလေး ၃ ဦးထဲက အငယ်ဆုံး ၃ နှစ်အရွယ်သားကတော့ ဒဏ်ရာပြင်းထန်စွာရရှိပြီး ဆလာယန်းဆေးရုံကို ပို့ဆောင်ကုသပေးထားကြောင်း ဒေသခံရဲအရာရှိရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။

ကျန်တဲ့ အသက် ၈ နှစ်၊ ၆ နှစ်အရွယ် ကလေးတွေနဲ့ အသက် ၃၈ နှစ်အရွယ် ချင်းအမျိုးသားကတော့ အခင်းဖြစ်နေရာမှာ သေဆုံးသွားတယ်လို့ ဖော်ပြထားပါတယ်။

သေဆုံးသူတွေဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ထုတ်ပေးထားတဲ့ သက်သေခံကတ်ပြား ကိုင်ဆောင်ထားတယ်လို့ ဆိုပါတယ်။

ရုပ်အလောင်းအားလုံး ကွာလာလမ်ပူဆေးရုံက မှုခင်းဆေးကုသရေးဌာနကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

//
Up