ဗြိတိန်နိုင်ငံရဲ့ ဆယ်စုနှစ် ၇ ခုကြာကာလအတွင်း အကြီးမားဆုံး အခမ်းအနားကို မေ ၆ ရက်မှာ ကျင်းပပြီး တတိယမြောက် ချားလ်စ်ဘုရင်ဟာ ဘိသိက်ခံ သရဖူ ဆောင်းခဲ့ပါတယ်။
ဒါဟာ ခေတ်သစ်နဲ့ အံဝင်ခွင်ကျရှိတဲ့ ဘုရင်စနစ်ရဲ့ နှစ်ပေါင်း ၁၀၀၀ သမိုင်းကြောင်းကို ခမ်းခမ်းနားနား အလှပြတဲ့ ပွဲလည်း ဖြစ်ပါတယ်။
ကမ္ဘာ့ခေါင်းဆောင် ၁၀၀ လောက်နဲ့ သန်းပေါင်းများစွာသော ရုပ်မြင်သံကြား ပရိသတ်တွေ ဒီပွဲကို စောင့်ကြည့်ခဲ့ပါတယ်။
အန်ဂလိကန်ဘုရားကျောင်း ခေါင်းဆောင် ကန်တာဘာရီ ဂိုဏ်းချုပ်က သက်တမ်း နှစ် ၃၆၀ ရှိပြီ ဖြစ်တဲ့ စိန့်အက်ဒဝပ်သရဖူကို ချားလ်စ်ဘုရင်ရဲ့ ခေါင်းပေါ် ဖြည်းဖြည်း ဆောင်းပေး ခဲ့ပါတယ်။
သေနတ်နဲ့ အလေးပြုရင်း၊ ထောင်နှင့်ချီတဲ့ စစ်သားတွေက သုံးကြိမ်တိုင်တိုင် ကြွေးကြော်ခဲ့ကြ ပါတယ်။
ဘုရင်နဲ့ မိဖုရားတို့ဟာ ဘက်ကင်ဟမ်နန်းတော်ရဲ့ လသာဆောင်ကနေ The Mall လမ်းမကြီး ပေါ်မှာ စုဝေးကြတဲ့ လူအုပ်ကြီးဆီကို လက်ဝှေ့ယမ်း နှုတ်ဆက်ခဲ့ပါတယ်။ လာကြည့်သူတိုင်းကတော့ ချားလ်စ်ဘုရင်ကို ထောက်ခံသူတွေ မဟုတ်ကြပါဘူး။
ရာနှင့်ချီတဲ့ ရီပတ်ဗလစ်ကန်တွေက "ကျွန်တော်တို့ရဲ့ ဘုရင် မဟုတ်" လို့ရေးထားတဲ့ စာတန်းတွေ ကို ဝှေ့ယမ်းခဲ့ကြပါတယ်။ ရီပတ်ဘလစ်ကန်မဲဆွယ်ရေး ခေါင်းဆောင် အပါအဝင် လူ ၅၂ဦး ဖမ်းဆီးထိန်းသိမ်းခံရတယ်လို့ The Republic campaign အဖွဲ့ က ပြောခဲ့ပါတယ်။
ဗြိတိန်ဘုရင် ချားလ်စ်ဘုရင်နန်းတက်ပွဲမတိုင်ခင် ရက်ပိုင်းအလို မေလ ၂ ရက်က ဘက်ကင်ဟမ်နန်းတော် အပြင်ဘက်မှာ သေနတ်ကျည်တောင့်တွေလို့ သံသယရှိတဲ့ ပစ္စည်းတွေကို ပစ်ပေါက်ခဲ့တဲ့ အမျိုးသားတယောက်ကို ဖမ်းဆီးခဲ့ပြီး အရာရှိတွေဟာ အဲဒီဧရိယာအတွင်းမှာပဲ ထိန်းချုပ်ဆောင်ရွက်တဲ့ ဖောက်ခွဲမှုကို ပြုလုပ်ခဲ့ပါတယ်။
အဲဒီအမျိုးသားဟာ သူ့ကို ရဲတွေမဖမ်းခင် ဂရင်းနစ်စံတော်ချိန် ၁၈ နာရီလောက်က ဘက်ကင်ဟမ်နန်းတော် ဂိတ်တံခါးတွေနားကို ချဉ်းကပ်လာပြီး သေနတ်ကျည်ကတ်တွေလို့ သံသယရှိတဲ့ ပစ္စည်းတွေကို နန်းတော်မြေနေရာထဲ ပစ်ချခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
သူ့ကိုရှာဖွေရာ ဓားတလက် တွေ့ရှိခဲ့ပြီးနောက်မှာ ထိခိုက်ဒဏ်ရာရစေတဲ့ တိုက်ခိုက်ရေးလက်နက် လက်ဝယ်ထားရှိမှု သံသယနဲ့ ဖမ်းဆီးထားကြောင်း လန်ဒန်မြို့တော် ရဲတပ်ဖွဲ့က နောက်ဆုံးထုတ်ပြန်ချက်တခုမှာ ပြောပါတယ်။
အင်္ဂါနေ့ အခင်းဖြစ်ပွားချိန်မှာ ချားလ်စ်ဘုရင်နဲ့ ကြင်ယာတော် ကမီလာတို့ဟာ နန်းတော်မှာ မရှိခဲ့ကြောင်း ဘက်ကင်ဟမ်နန်းတော်က ပြောပါတယ်။
ရဲတပ်ဖွဲ့ကတော့ အဲဒီကိစ္စကို အကြမ်းဖက်မှုနဲ့ ဆက်နွှယ်မှုအဖြစ် လောလောဆယ် သဘောထားခြင်း မရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးအဖွဲ့တွေဟာ စနေနေ့မှာ ကမ္ဘာတဝန်းက နိုင်ငံ့ခေါင်းဆောင်တွေ တက်ရောက်ကြမယ့် ချားလ်စ်ဘုရင်ရဲ့ နန်းတက်ပွဲအတွက် ပြင်ဆင်နေကြပြီး လန်ဒန်မြို့ရဲ့ လမ်းမတွေပေါ်မှာ လူအုပ်ကြီးတွေ တန်းစီစောင့်ကြည့်နေကြမယ်လို့လည်း မျှော်လင့်ထားပါတယ်။