close

ဘက်ကင်ဟမ်နန်းတော်ထဲ သေနတ်ကျည်ကတ် ပစ်ချခဲ့သည့် အမျိုးသား ၁ ဦး ဖမ်းဆီးခံရ

ဗြိတိန်ဘုရင် ချားလ်စ်ဘုရင်နန်းတက်ပွဲမတိုင်ခင် ရက်ပိုင်းအလို မေလ ၂ ရက်က ဘက်ကင်ဟမ်နန်းတော် အပြင်ဘက်မှာ သေနတ်ကျည်တောင့်တွေလို့ သံသယရှိတဲ့ ပစ္စည်းတွေကို ပစ်ပေါက်ခဲ့တဲ့ အမျိုးသားတယောက်ကို ဖမ်းဆီးခဲ့ပြီး အရာရှိတွေဟာ အဲဒီဧရိယာအတွင်းမှာပဲ ထိန်းချုပ်ဆောင်ရွက်တဲ့ ဖောက်ခွဲမှုကို ပြုလုပ်ခဲ့ပါတယ်။

အဲဒီအမျိုးသားဟာ သူ့ကို ရဲတွေမဖမ်းခင် ဂရင်းနစ်စံတော်ချိန် ၁၈ နာရီလောက်က ဘက်ကင်ဟမ်နန်းတော် ဂိတ်တံခါးတွေနားကို ချဉ်းကပ်လာပြီး သေနတ်ကျည်ကတ်တွေလို့ သံသယရှိတဲ့ ပစ္စည်းတွေကို နန်းတော်မြေနေရာထဲ ပစ်ချခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

သူ့ကိုရှာဖွေရာ ဓားတလက် တွေ့ရှိခဲ့ပြီးနောက်မှာ ထိခိုက်ဒဏ်ရာရစေတဲ့ တိုက်ခိုက်ရေးလက်နက် လက်ဝယ်ထားရှိမှု သံသယနဲ့ ဖမ်းဆီးထားကြောင်း လန်ဒန်မြို့တော် ရဲတပ်ဖွဲ့က နောက်ဆုံးထုတ်ပြန်ချက်တခုမှာ ပြောပါတယ်။

အင်္ဂါနေ့ အခင်းဖြစ်ပွားချိန်မှာ ချားလ်စ်ဘုရင်နဲ့ ကြင်ယာတော် ကမီလာတို့ဟာ နန်းတော်မှာ မရှိခဲ့ကြောင်း ဘက်ကင်ဟမ်နန်းတော်က ပြောပါတယ်။

ရဲတပ်ဖွဲ့ကတော့ အဲဒီကိစ္စကို အကြမ်းဖက်မှုနဲ့ ဆက်နွှယ်မှုအဖြစ် လောလောဆယ် သဘောထားခြင်း မရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးအဖွဲ့တွေဟာ စနေနေ့မှာ ကမ္ဘာတဝန်းက နိုင်ငံ့ခေါင်းဆောင်တွေ တက်ရောက်ကြမယ့် ချားလ်စ်ဘုရင်ရဲ့ နန်းတက်ပွဲအတွက် ပြင်ဆင်နေကြပြီး လန်ဒန်မြို့ရဲ့ လမ်းမတွေပေါ်မှာ လူအုပ်ကြီးတွေ တန်းစီစောင့်ကြည့်နေကြမယ်လို့လည်း မျှော်လင့်ထားပါတယ်။

Up