ကချင်ပြည်နယ်၊ ချီဖွေမြို့ကို ဇူလိုင်လ ၁၇ ရက်ကစတင်ပြီး အသွားအလာကန့်သတ် လော့ဒေါင်း ပြုလုပ်လိုက်ပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
“ခါတိုင်းကတော့ လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေလုပ်ပြီးတော့ ဒေသခံတွေရော ခရီးသွားတွေရော သွားနေကြတာ။ ဒီမနက်ကျတော့ မရတော့ဘူး။ ပြန်လွှတ်နေတာ မြို့၀င်ဂိတ်ကနေ” လို့ မျက်မြင်တွေ့ဒေသခံတဦးက ပြောပါတယ်။
ချီဖွေမြို့မှာ ဇူလိုင် ၁၄ ရက်က ဆီဘောက်ဆာယာဉ်မောင်းနဲ့ ခရီးသွားတချို့ဆီမှာ ကိုဗစ်ပိုး တွေ့ရှိပြီးနောက် ၃ ရက်အကြာ တပတ်အတွင်းမှာ အခုလို လော့ဒေါင်းပြုလုပ်လိုက်တာကြောင့် ဒေသခံတွေက ကုန်ဈေးနှုန်း မြင့်တက်လာမှာကို စိုးရိမ်နေသလို ခရီးသွားပြည်သူတွေလည်း သွားလာရခက်ခဲနေတယ်လို့ သိရပါတယ်။
ကုန်သည်တဦးက “ဟုတ်တယ် ဒီနေ့ ချီဖွေတက်မလို့ ပြင်ထားတာ။ ဟိုမှာပိတ်တယ်လို့ ပြောလာလို့ သွားမရလို့။ မသွားရင်လည်း ကုန်တွေက ၀ယ်ထားပြီးဖြစ်တာကြောင့် လှမ်းမေးဆက်သွယ်နေရတယ်” လို့ ပြောပါတယ်။
ချီဖွေမှာ လက်ရှိ ကိုဗစ်ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း ၉ ဦးအထိ တွေ့ရှိထားပြီး အများစုက ခရီးသွားတွေဖြစ်ကာ ချီဖွေဆေးရုံမှာ ကုသပေးထားပါတယ်။ မြို့တွင်းအသွားအလာကန့်သတ် လော့ဒေါင်းချထားတာကိုလည်း ဇူလိုင် ၂၅ ရက်နေ့အထိ သတ်မှတ်ထားတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်မှာ အာဏာဖီဆန် CDM ၀င်နေတဲ့ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးအစရှိတဲ့ အစိုးရ၀န်ထမ်းတွေကို ဖေဖော်ဝါရီလ ၂၄ ရက်အမီ ရုံးပြန်တက်ဖို့ ဌာနတွင်းမှာ စာထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
ချီဖွေမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ အလုပ်သင် နေ့စား၀န်ထမ်း ၅ ယောက်က တော့ ပြည်သူ့အစိုးရတက်လာမှ အလုပ်ပြန်ဆင်းနိုင်မယ်လို့ သဘောထား ထုတ်ပြန်လိုက်ပါတယ်။
ဖေဖော်ဝါရီ ၈ ရက်နေ့ကတည်းက CDM ၀င်နေတာဟာ အကြောင်းမဲ့ ပျက်ကွက်တာ မဟုတ်ဘဲ အာဏာသိမ်းအစိုးရလက်အောက်မှာ တာ၀န်မထမ်းဆောင်လိုတဲ့အတွက် ဖြစ်တယ်လို့ ရေးသားဖော်ပြထားပါတယ်။
ဒါ့အပြင် ယခုလိုလုပ်ဆောင်တာဟာ ပါတီ၊ နိုင်ငံရေးလုပ်တာမဟုတ်ဘဲ ပြည်သူ့၀န်ထမ်း တစ်ယောက်အနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြတာဖြစ်တယ်လို့လည်း မှတ်ချက်အနေနဲ့ ရေးသားထားပါတယ်။
ဇုန်းကျန်း CJ