close

ပိုးတွေ့အတည်ပြုလူနာ စတင်တွေ့ရှိပြီး တစ်ပတ်အတွင်း ချီဖွေမြို့ လော့ဒေါင်းချ

ကချင်ပြည်နယ်၊ ချီဖွေမြို့ကို ဇူလိုင်လ ၁၇ ရက်ကစတင်ပြီး အသွားအလာကန့်သတ် လော့ဒေါင်း ပြုလုပ်လိုက်ပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

“ခါတိုင်းကတော့ လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေလုပ်ပြီး‌တော့ ဒေသခံတွေရော ခရီးသွားတွေရော သွားနေကြတာ။ ဒီမနက်ကျတော့ မရတော့ဘူး။ ပြန်လွှတ်နေတာ မြို့၀င်ဂိတ်ကနေ” လို့ မျက်မြင်တွေ့ဒေသခံတဦးက ပြောပါတယ်။

ချီဖွေမြို့မှာ ဇူလိုင် ၁၄ ရက်က ဆီဘောက်ဆာယာဉ်မောင်းနဲ့ ခရီးသွားတချို့ဆီမှာ ကိုဗစ်ပိုး တွေ့ရှိပြီးနောက် ၃ ရက်အကြာ တပတ်အတွင်းမှာ အခုလို လော့ဒေါင်းပြုလုပ်လိုက်တာကြောင့် ဒေသခံတွေက ကုန်ဈေးနှုန်း မြင့်တက်လာမှာကို စိုးရိမ်နေသလို ခရီးသွားပြည်သူတွေလည်း သွားလာရခက်ခဲနေတယ်လို့ သိရပါတယ်။ 

ကုန်သည်တဦးက “ဟုတ်တယ် ဒီနေ့ ချီဖွေတက်မလို့ ပြင်ထားတာ။ ဟိုမှာပိတ်တယ်လို့ ပြောလာလို့ သွားမရလို့။ မသွားရင်လည်း ကုန်တွေက ၀ယ်ထားပြီးဖြစ်တာကြောင့် လှမ်းမေးဆက်သွယ်နေရတယ်” လို့ ပြောပါတယ်။

ချီဖွေမှာ လက်ရှိ ကိုဗစ်ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း ၉ ဦးအထိ တွေ့ရှိထားပြီး‌ အများစုက ခရီးသွားတွေဖြစ်ကာ ချီဖွေဆေးရုံမှာ ကုသပေးထားပါတယ်။ မြို့တွင်းအသွားအလာကန့်သတ်  လော့ဒေါင်းချထားတာကိုလည်း ဇူလိုင် ၂၅ ရက်နေ့အထိ သတ်မှတ်ထားတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up