close

ချီလီသမ္မတ

close

April 6, 2022

လက်တင်အမေရိက၏ လူ့အခွင့်အရေး မြှင့်တင်ကာကွယ်မည်ဟု ချီလီသမ္မတပြော

ကျောင်းသားခေါင်းဆောင်ဟောင်း လက်ဝဲဝါဒီ ချီလီသမ္မတ ဂေဘရီရယ်လ် ဘောရစ်က အာဂျင်တီးနားနဲ့ အတူပူးပေါင်းပြီး လက်တင်အမေရိကမှာ လူ့အခွင့်အရေး တိုးမြှင့်ကာကွယ်သွားမယ်လို့ ကတိပြုလိုက်ပါတယ်။

အာဂျင်တီးနား ဗျူနိုအေးရိစ်မြို့ကို ရောက်ရှိနေတဲ့ ဘောရစ်က “ကျနော်တို့ နိုင်ငံတွေကြား မတူညီတဲ့ အတိတ်သမိုင်း အနာတရတွေကို အမှတ်ရနေဖို့တင် မဟုတ်ဘူး၊ လက်ရှိကာလ လူ့အခွင့်အရေး တိုးမြှင့်ဆောင်ရွက်မှုတွေ လုပ်ကြရမယ်” လို့ ပြောပါတယ်။

ချီလီသမ္မတ ဘောရစ်က အာဂျင်တီးနားမှာ အာဏာရှင်ခေတ် ညှဉ်းပန်းနှိပ်စက်ရေးစင်တာကို အခု လူ့အခွင့်အရေးပြတိုက်အဖြစ် ပြောင်းထားတာကို သွားရောက်ကြည့်ရှုစဉ် ပြောခဲ့တာပါ။

သမ္မဘောရစ်ဟာ အာဂျင်တီးနားသမ္မတ၊ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အချိန်အတော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ သူနဲ့အတူ ချီလီလုပ်ငန်းရှင်တွေနဲ့ အနုပညာအဖွဲ့တွေ လိုက်ပါလာခဲ့တာပါ။

15 mins Ago

March 13, 2022

ကျောင်းသားခေါင်းဆောင် ချီလီသမ္မတဖြစ်လာ

ချီလီမှာ လက်ဝဲဝါဒီ ကျောင်းသားခေါင်းဆောင်ဟောင်း ဂေဘရီယယ် ဘောရစ် မတ် ၁၁ ရက်က သမ္မတသစ်အဖြစ် ကျမ်းသစ္စာကျိမ်ဆိုပါတယ်။ 

တက်တူးအများအပြား ထိုးထားတဲ့ အသက် ၃၆ နှစ်ရှိ ကျောင်းသားခေါင်းဆောင်ဟောင်း ဥပဒေ ပညာရှင် ဘောရစ်ဟာ ချီလီနိုင်ငံသမိုင်းတလျှောက် အသက်အငယ်ဆုံး သမ္မတပါ။ 

မိန့်ခွန်းပြောရာမှာ ဘောရစ်က “ပြီးခဲ့တဲ့နှစ်တွေအတွင်း ချီလီဟာ ငလျင်ဘေး၊ သဘာဝဘေး၊ ကူးစက်ရောဂါဘေးနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အဆိုးဆုံး ကြုံတွေ့ခဲ့ရတာပါ။ အခုကစပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဘယ်တော့မှ ထပ်မဖြစ်စေရဘူး။ တိုင်းပြည်ဟာ စီးပွားရေး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ပြီး တိုးတက်မှုအသီးအပွင့်တွေကို မျှမျှတတ ဖြန့်ဝေသွားမယ်။ ဓနကို ဖြန့်ဝေမှုမရှိတဲ့နေရာမှာ လူတစုသာ ကောင်းစားနေပြီး လူအများက အခက်အခဲဖြစ်နေမယ်၊ ပဋိပက္ခတွေကြောင့် ငြိမ်းချမ်းရေးမရှိ ဖြစ်နေတယ်။ ဒါကြောင့် လာမယ့် ၄ နှစ်အတွင်း ဒီတိုင်းပြည်မှာ နေထိုင်သူတွေ ထုတ်လုပ်တဲ့ ဓနကို တရားမျှတစွာ ပြန်လည်ဝေမျှသွားမယ်” လို့ ပြောခဲ့ပါတယ်။ 

ဘောရစ်က မညီမျှမှုကို တိုက်ဖျက်ဖို့အတွက် ဈေးကွက်စီးပွားရေးမော်ဒယ်ကို ပြန်သုံးသပ်မယ်လို့ လည်း ပြောပါတယ်။ 

သူ့က သမ္မတရာထူးလက်ခံမိန့်ခွန်းကို အတော်ကြာကြာ ပြောခဲ့ပြီး ရာသီဥတုပြောင်းလဲမှု၊ လူဝင်မှု ပြဿနာ၊ သဘာဝသံယံဇတ စီမံခန့်ခွဲမှု၊ ကောင်းမွန်သောအစိုးရ စတာတွေအပါအဝင်  ဈေးကွက်စီးပွားရေး ပြန်လည် ဆန်းစစ်မှုအထိ ပါဝင်ပါတယ်။ 

3 weeks Ago
Up