ကျောင်းသားခေါင်းဆောင် ချီလီသမ္မတဖြစ်လာ

ချီလီမှာ လက်ဝဲဝါဒီ ကျောင်းသားခေါင်းဆောင်ဟောင်း ဂေဘရီယယ် ဘောရစ် မတ် ၁၁ ရက်က သမ္မတသစ်အဖြစ် ကျမ်းသစ္စာကျိမ်ဆိုပါတယ်။
တက်တူးအများအပြား ထိုးထားတဲ့ အသက် ၃၆ နှစ်ရှိ ကျောင်းသားခေါင်းဆောင်ဟောင်း ဥပဒေ ပညာရှင် ဘောရစ်ဟာ ချီလီနိုင်ငံသမိုင်းတလျှောက် အသက်အငယ်ဆုံး သမ္မတပါ။
မိန့်ခွန်းပြောရာမှာ ဘောရစ်က “ပြီးခဲ့တဲ့နှစ်တွေအတွင်း ချီလီဟာ ငလျင်ဘေး၊ သဘာဝဘေး၊ ကူးစက်ရောဂါဘေးနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အဆိုးဆုံး ကြုံတွေ့ခဲ့ရတာပါ။ အခုကစပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဘယ်တော့မှ ထပ်မဖြစ်စေရဘူး။ တိုင်းပြည်ဟာ စီးပွားရေး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ပြီး တိုးတက်မှုအသီးအပွင့်တွေကို မျှမျှတတ ဖြန့်ဝေသွားမယ်။ ဓနကို ဖြန့်ဝေမှုမရှိတဲ့နေရာမှာ လူတစုသာ ကောင်းစားနေပြီး လူအများက အခက်အခဲဖြစ်နေမယ်၊ ပဋိပက္ခတွေကြောင့် ငြိမ်းချမ်းရေးမရှိ ဖြစ်နေတယ်။ ဒါကြောင့် လာမယ့် ၄ နှစ်အတွင်း ဒီတိုင်းပြည်မှာ နေထိုင်သူတွေ ထုတ်လုပ်တဲ့ ဓနကို တရားမျှတစွာ ပြန်လည်ဝေမျှသွားမယ်” လို့ ပြောခဲ့ပါတယ်။
ဘောရစ်က မညီမျှမှုကို တိုက်ဖျက်ဖို့အတွက် ဈေးကွက်စီးပွားရေးမော်ဒယ်ကို ပြန်သုံးသပ်မယ်လို့ လည်း ပြောပါတယ်။
သူ့က သမ္မတရာထူးလက်ခံမိန့်ခွန်းကို အတော်ကြာကြာ ပြောခဲ့ပြီး ရာသီဥတုပြောင်းလဲမှု၊ လူဝင်မှု ပြဿနာ၊ သဘာဝသံယံဇတ စီမံခန့်ခွဲမှု၊ ကောင်းမွန်သောအစိုးရ စတာတွေအပါအဝင် ဈေးကွက်စီးပွားရေး ပြန်လည် ဆန်းစစ်မှုအထိ ပါဝင်ပါတယ်။