အက်စတန်ဗီလာနဲ့ပွဲမှာ အသင်းသားတွေရဲ့ ရဲရင့်တဲ့ စရိုက်လက္ခဏာနဲ့ ဖိအားဒဏ်ခံနိုင်မှုကို ပြသနိုင်ခဲ့ကြောင်း နည်းပြအာတီတာက ပြောပါတယ်။
အဲဒီပွဲစဉ်မှာ ဗီလာက ဦးဆောင်ဂိုးတွေ ၂ ကြိမ် တိုင်တိုင်သွင်းနိုင်ခဲ့ပေမဲ့ အာဆင်နယ်အသင်းက ချေပ ဂိုးတွေနဲ့ အနိုင်ဂိုးတွေပြန်လည်သွင်းယူပြီး ၄ဂိုး ၂ဂိုးနဲ့ အနိုင်ရခဲ့တာပါ။
ပွဲအပြီးမှာတော့ နည်းပြအာတီတာက အသင်းသားတွေရဲ့ ရဲရင့်မှုနဲ့ ဖိအားဒဏ်ခံနိုင်မှုတို့ကို ချီးကျူးသွားခဲ့တာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ရလဒ်ဆိုးတွေအပြီးမှာ နိုင်ပွဲပြန်ရခဲ့တဲ့အပေါ် ကျေနပ်မိကြောင်း၊ ထိပ်ဆုံးနေရာမှာဆက်လက်ရပ်တည်ချင်တယ်ဆိုရင် မတူညီတဲ့ နည်းလမ်းတွေနဲ့ နိုင်ပွဲရယူနိုင်ဖို့ လိုအပ်ကြောင်း နည်းပြအာတီတာက ပြောပါတယ်။
အာဆင်နယ်ဟာ ပွဲစဉ် ၂၃ ပွဲအပြီးမှာ ဒုတိယနေရာက မန်စီးတီးထက် တစ်ပွဲလျော့ပေမဲ့ ရမှတ် ၂ မှတ် ဖြတ်ကာ အမှတ်ပေးဇယားကို ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။
တိုက်စစ်မှူးဟာလန်း ခြေစွမ်းပြနေခြင်းဟာ အစပဲရှိသေးကြောင်း အသင်းဖော်ဒီဘရိုင်းက ချီးကျူး ပါတယ်။
နော်ဝေတိုက်စစ်မှူးဟာလန်းဟာ မနေ့ညက ကစားခဲ့တဲ့ဘရိုက်တန်နဲ့ပွဲမှာ ၂ ဂိုး သွင်းယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ၁၁ ပွဲမှာ ၁၇ ဂိုးအထိ စံချိန်တင်သွင်းယူထားတာပါ။
ဟာလန်းဟာ ပြိုင်ပွဲစုံမှာ အိမ်ကွင်း ၇ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ မှတ်တမ်းလည်းရခဲ့ပြီး ၂၀၁၈ ခုနှစ်က အဂွဲရိုးသွင်းယူနိုင်ခဲ့ပြီးနောက် အိမ်ကွင်း ၇ ပွဲဆက်ဂိုးသွင်းခဲ့တဲ့ ပထမဆုံး မန်စီးတီးကစားသမား ဖြစ်လာခဲ့တာပါ။
အသင်းဖော်ဒီဘရိုင်းကတော့ ဟာလန်းဟာ ဂိုးတွေသွင်းယူဖို့ အသင်းကိုရောက်လာခဲ့တာဖြစ်ပြီး သူခြေစွမ်းပြသနိုင်မှုဟာ အစပဲရှိသေးပြီး နောက်ထပ်ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေရရှိလာဦးမယ်လို့ ချီးကျူးပါတယ်။
မန်စီးတီးနည်းပြ ဂွာဒီယိုလာကလည်း ဟာလန်းဟာ မယုံကြည်နိုင်စရာ ကောင်းပြီး ထူးချွန်တဲ့ တိုက်စစ်မှူးဖြစ်ကြောင်း၊ အတူလက်တွဲလာခဲ့ဖူးတဲ့ ကစားသမားတွေထဲမှာ အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။