close

ချွန်းပူးရီးခရိုင်

close

September 27, 2022

ထိုင်းအမျိုးသမီးတဦးအား မုဒိမ်းကျင့်ရန်ကြိုးစားသည့် မြန်မာ ၁ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ချွန်းပူးရီးခရိုင်၊ ဘန့်ဘိန်မြို့ နောင်ချန်းရပ်ကွက်ရှိ အလုပ်သမားတန်းလျားမှာ ထိုင်းအမျိုးသမီး ၁ ဦးကို မုဒိမ်းကျင့်ဖို့ကြိုးစားတဲ့ မြန်မာ ၁ ဦး ဖမ်းဆီးခံရတယ်လို့ ချနယ်လ် ၇ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။ 

စန်းလွင် လို့ခေါ်တဲ့ မြန်မာလုပ်သား ၁ ဦးဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့ညက သူ့တည်းတဲ့ အခန်းနဲ့ မျက်နှာချင်းဆိုင်အခန်းထဲကို ဝင်သွားပြီး အိပ်ပျော်နေတဲ့ အမျိုးသမီးရဲ့ခန္ဓာကိုယ်ကို အုပ်မိုးကာ အဓမ္မကျင့်ဖို့ ကြိုုးစားစဉ် အမျိုးသမီး ရုတ်တရက်နိုးလာပြီး အော်ဟစ်အကူအညီ တောင်းသလို ခြေနဲ့လည်း ဆောင့်ကန်ပစ်လိုက်တယ်လို့ ဆိုပါတယ်။ 

အမျိုးသမီး အော်သံကြောင့် တခန်းတည်းအိပ်နေတဲ့ အသက် ၆၇ နှစ်ရွယ် မိခင်ဖြစ်သူလည်း နိုးလာပြီး စန်းလွင် လဲကျသွားတာနဲ့ တခါတည်းဖမ်းချုပ်ကာ လက်ကိုကြိုးနဲ့ချည်နှောင်ပြီး ရဲကို အကြောင်းကြားလိုက်တာလို့ မိခင်က ရဲတွေကို ပြောပါတယ်။ 

ဒီမတိုင်ခင် နေ့ခင်းက စန်းလွင်ဟာ အိမ်ရှေ့မှာရပ်ထားတဲ့ သူတို့ ဟိုင်းလပ်ကားပေါ်ကို ခပ်တည်တည်နဲ့ တက်ထိုင်ခဲ့ကြောင်း၊ မိခင်ဖြစ်သူကလည်း သူ့ကို သင်္ကာမကင်းဖြစ်ပြီး မကောင်းတာလုပ်မှာစိုးလို့ အလင်းရောင်ရအောင် သမက်ကိုခေါ်ပြီး မီးလုံးထပ်ဆင်ခဲ့ကြောင်း၊ ညရောက်တော့လည်း တံခါးကို သေချာပိတ်ပြီးမှ အိပ်ရာဝင်တာတောင် ရအောင်ဝင်ခဲ့သေးတယ်လို့  မိန်းကလေးမိခင်က ဆက်ပြောပါတယ်။ 

စန်းလွင်ကလည်း သူဟာ အလုပ်ရှာဖို့ အဲဒီမှာ လာတည်းခိုကြောင်း၊ အမျိုးသမီးကို မြင်တော့ စိတ်ဝင်စားပြီး ညအချိန်မှာ အခန်းတံခါးဖွင့်ပြီး အဓမ္မပြုကျင့်ဖို့ ဝင်သွားခဲ့တာလို့ ဝန်ခံပါတယ်။ 

အသက် ၇၆ နှစ်ရွယ် အဘွားကြီးက လွယ်လွယ်ကူကူနဲ့ ဖမ်းချုပ်နိုင်တာကတော့ သူဟာ အအိပ်အစားပျက်ပြီး ထမင်းမစားရတာ ၃ ရက်ရှိပြီမို့ ရုန်းကန်ရန်အားမရှိဘူးလို့ ဖြေဆိုပါတယ်။ သူဟာ ဘယ်ကလာလို့ ဘယ်ကိုသွားမလဲဆိုတာတော့ အတိအကျမဖြေဆိုဘဲ ကြောင်တောင်တောင်လို ဖြစ်နေတယ်လို့ ဆိုပါတယ်။ 

ဘန့်ဘိန်နယ်မြေရဲစခန်းကတော့ သူ့ကို သူတပါးနယ်မြေ ဝင်ရောက်ကျူးကျော်မှု၊ အချိန်မတော် သူများအခန်းထဲ ခိုးဝင်မှု၊ အမျိုးသမီးအား အဓမ္မပြုကျင့်ဖို့ ကြိုးစားမှု စတဲ့ပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။

2 months Ago

December 30, 2020

ချွန်းပူးရီးခရိုင်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ မြန်မာလုပ်သား ၁၆ ဦးကို လိုက်လံရှာဖွေ   

ထိုင်းနိုင်ငံ အရှေ့တောင်ပိုင်း ချွန်းပူးရီးခရိုင်ထဲမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရတဲ့  မြန်မာရွှေ့ ပြောင်းအလုပ်သမား ၁၆ ဦးကို တာဝန်ရှိသူတွေက လိုက်လံရှာဖွေခဲ့ကြတယ်လို့  Amarin ထိုင်း တီဗွီသတင်းမှာ ဖော်ပြပါတယ်။  အဆိုပါ အလုပ်သမားတွေဟာ မူလက ပရာကျင်းပူးရီးခရိုင်မှာနေထိုင်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အလုပ်ရှင်က သူတို့ကို ချွန်းပူးရီးခရိုင်သို့ ခေါ်ဆောင်လာခဲ့ကြောင်း၊ ချွန်းပူးရီးခရိုင် ဆီရား ချားမြို့နယ်ရှိ ဆေးခန်းတစ်ခုမှာ အလုပ်ရှင်က သူတို့အားလုံးကို ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေး ပေးခဲ့တယ်လို့  ချွန်းပူးရီးခရိုင်ဝန် နိုင်းဖတ်ခရဖွန်း ထိန်းချိုင်းက ဒီဇင်ဘာ ၂၉ ရက် သတင်းစာ ရှင်းပွဲမှာ ပြောပါတယ် ။  ပိုးစစ်ချက်အဖြေထွက်လာတော့ ၁၆ ဦးလုံး ရောဂါကူးစက်ခံထားရပေမဲ့ အဲဒီ အလုပ်သမားတွေဟာ ချွန်းပူးရီးမှာ ရှိမနေတော့သလို အလုပ်ရှင်ကိုလည်း ဆက်သွယ်လို့ မရသေး ဘူးလို့ ခရိုင်ဝန်က ဆက်ပြောပါတယ် ။  အဲဒီနောက် တာဝန်ရှိသူတွေက စုံစမ်းရှာဖွေရာမှာ သူတို့ဟာ ကားတစ်စီးနဲ့အတူ လယောင်း ခရိုင် နိခုမ်းဖတ်ထနားမြို့နယ်ရှိ အလုပ်သမားတန်းလျားတစ်ခုမှာ ရောက်ရှိနေကြောင်း သိရတဲ့ အတွက် ယမန်နေ့ မွန်းလွဲပိုင်းမှာ သွားရောက်ဖမ်းဆီးပြီး အသွားအလာကန့်သတ်လိုက်ပါတယ်။  သူတို့ကို တင်ခေါ်သွားတဲ့ ကားသမားကိုတော့ မတွေ့သေးပါဘူး။ အဆိုပါ အလုပ်သမားတွေ ရောက်ရှိနေတဲ့ နေရာမှာ အလုပ်သမားနဲ့ မိသားစုဝင်တွေ စုစုပေါင်း ၁၂၈ ဦး နေထိုင်ပြီး တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးချိန်က ၅၇ ဦးသာ ကျန်ကြောင်း ၊ ဒါကြောင့် လွတ်မြောက်နေ တဲ့ ၇၁ ဦးအနေနဲ့ ကိုဗစ်-၁၉ ရှိမရှိ စောင့်ကြည့်စစ်ဆေးနိုင်ဖို့ အမြန်လာရောက် သတင်းပို့ဖို့ သက်ဆိုင်ရာက အမိန့်ထုတ်ထားပါတယ်။  ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ခံထားရတဲ့ ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၁၃၈၃ ယောက် ရှိပြီး အများစုမှာ ဆမွတ်ဆာခွန်းခရိုင်က မြန်မာလုပ်သားတွေ ဖြစ်ပါတယ်။  ထိုင်းနိုင်ငံရဲ့ ဒီကနေ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် အယောက် ၂၅၀ ရှိပြီး ဇန်နဝါရီလမှ ဒီနေ့အထိ စုစုပေါင်း ၆၆၉၀ ယောက်  ၊ သက်သာပျောက်ကင်းသူ ၄၂၁၂ ယောက် နဲ့ သေဆုံးသူ ၆၁ ယောက် ရှိပါတယ်။  ကိုးကား- Amarintv/Ch7 
2 years Ago
Up