close

ထိုင်းအမျိုးသမီးတဦးအား မုဒိမ်းကျင့်ရန်ကြိုးစားသည့် မြန်မာ ၁ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ချွန်းပူးရီးခရိုင်၊ ဘန့်ဘိန်မြို့ နောင်ချန်းရပ်ကွက်ရှိ အလုပ်သမားတန်းလျားမှာ ထိုင်းအမျိုးသမီး ၁ ဦးကို မုဒိမ်းကျင့်ဖို့ကြိုးစားတဲ့ မြန်မာ ၁ ဦး ဖမ်းဆီးခံရတယ်လို့ ချနယ်လ် ၇ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။ 

စန်းလွင် လို့ခေါ်တဲ့ မြန်မာလုပ်သား ၁ ဦးဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့ညက သူ့တည်းတဲ့ အခန်းနဲ့ မျက်နှာချင်းဆိုင်အခန်းထဲကို ဝင်သွားပြီး အိပ်ပျော်နေတဲ့ အမျိုးသမီးရဲ့ခန္ဓာကိုယ်ကို အုပ်မိုးကာ အဓမ္မကျင့်ဖို့ ကြိုုးစားစဉ် အမျိုးသမီး ရုတ်တရက်နိုးလာပြီး အော်ဟစ်အကူအညီ တောင်းသလို ခြေနဲ့လည်း ဆောင့်ကန်ပစ်လိုက်တယ်လို့ ဆိုပါတယ်။ 

အမျိုးသမီး အော်သံကြောင့် တခန်းတည်းအိပ်နေတဲ့ အသက် ၆၇ နှစ်ရွယ် မိခင်ဖြစ်သူလည်း နိုးလာပြီး စန်းလွင် လဲကျသွားတာနဲ့ တခါတည်းဖမ်းချုပ်ကာ လက်ကိုကြိုးနဲ့ချည်နှောင်ပြီး ရဲကို အကြောင်းကြားလိုက်တာလို့ မိခင်က ရဲတွေကို ပြောပါတယ်။ 

ဒီမတိုင်ခင် နေ့ခင်းက စန်းလွင်ဟာ အိမ်ရှေ့မှာရပ်ထားတဲ့ သူတို့ ဟိုင်းလပ်ကားပေါ်ကို ခပ်တည်တည်နဲ့ တက်ထိုင်ခဲ့ကြောင်း၊ မိခင်ဖြစ်သူကလည်း သူ့ကို သင်္ကာမကင်းဖြစ်ပြီး မကောင်းတာလုပ်မှာစိုးလို့ အလင်းရောင်ရအောင် သမက်ကိုခေါ်ပြီး မီးလုံးထပ်ဆင်ခဲ့ကြောင်း၊ ညရောက်တော့လည်း တံခါးကို သေချာပိတ်ပြီးမှ အိပ်ရာဝင်တာတောင် ရအောင်ဝင်ခဲ့သေးတယ်လို့  မိန်းကလေးမိခင်က ဆက်ပြောပါတယ်။ 

စန်းလွင်ကလည်း သူဟာ အလုပ်ရှာဖို့ အဲဒီမှာ လာတည်းခိုကြောင်း၊ အမျိုးသမီးကို မြင်တော့ စိတ်ဝင်စားပြီး ညအချိန်မှာ အခန်းတံခါးဖွင့်ပြီး အဓမ္မပြုကျင့်ဖို့ ဝင်သွားခဲ့တာလို့ ဝန်ခံပါတယ်။ 

အသက် ၇၆ နှစ်ရွယ် အဘွားကြီးက လွယ်လွယ်ကူကူနဲ့ ဖမ်းချုပ်နိုင်တာကတော့ သူဟာ အအိပ်အစားပျက်ပြီး ထမင်းမစားရတာ ၃ ရက်ရှိပြီမို့ ရုန်းကန်ရန်အားမရှိဘူးလို့ ဖြေဆိုပါတယ်။ သူဟာ ဘယ်ကလာလို့ ဘယ်ကိုသွားမလဲဆိုတာတော့ အတိအကျမဖြေဆိုဘဲ ကြောင်တောင်တောင်လို ဖြစ်နေတယ်လို့ ဆိုပါတယ်။ 

ဘန့်ဘိန်နယ်မြေရဲစခန်းကတော့ သူ့ကို သူတပါးနယ်မြေ ဝင်ရောက်ကျူးကျော်မှု၊ အချိန်မတော် သူများအခန်းထဲ ခိုးဝင်မှု၊ အမျိုးသမီးအား အဓမ္မပြုကျင့်ဖို့ ကြိုးစားမှု စတဲ့ပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up