close

ခြိမ်းခြောက်စာကပ်

close

May 9, 2022

မအူပင်တွင် သွေးသောက်အဖွဲ့က ပြည်သူ ၁ ဦးကို ပစ်ခတ် ၊ လွှတ်တော်အမတ်နေအိမ်ကို ခြိမ်းခြောက် စာကပ်

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ မေ ၈ ရက်ည ၁၁ နာရီလောက်က သွေးသောက်လူသတ်အဖွဲ့က ဧည့်စာရင်း စစ်မယ်လို့ပြောဆိုကာ ဒေသခံပြည်သူတယောက်ရဲ့နေအိမ်ကို ဝင်ပြီး သေနတ်နဲ့ ပစ်ခတ်သွားသလို လွှတ်တော်ကိုယ်စားလှယ်တယောက်ရဲ့  နေအိမ်ကိုလည်း ခြိမ်းခြောက်စာ ကပ်သွားပါတယ်။ 

အမှတ် ၉ ရပ်ကွက်မှာ နေထိုင်တဲ့ ကိုဇော်ဝင်းမြင့်နေအိမ်ကို ဆိုင်ကယ် ၂ စီးနဲ့ လူ ၄ ယောက်ရောက်ပြီး အိမ်ရှေ့ကနေ ဧည့်စာရင်းစစ်မယ်ပြောလို့ တံခါးဖွင့်ပေးချိန်မှာ သေနတ်နဲ့ပစ်သွားတာဖြစ်ပြီး အိပ်နေလိုက်တာကြောင့် လက်မောင်းကိုသာ ထိမှန်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ဧည့်စာရင်း လာစစ်တယ်ကြားလို့ အိမ်ပိုင်ရှင်က တံခါးဖွင့်ပေးတဲ့အချိန်မှာ ပစ်သွားတာ။ ကိုဇော်ဝင်းမြင့်က အိပ်နေတော့ လက်မောင်းကို ထိသွားတာ။ ပစ်တာက သူ့ကို သေချာပစ်တာ။ ပြီးတော့ စာတွေလည်း ကပ်သွားတယ်။ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိပြုံး နေအိမ်ကိုလည်း စာကပ်သွားတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။ 

ကိုဇော်ဝင်းမြင့်ကို သေနတ်နဲ့ပစ်သွားပြီးနောက်ပိုင်း ဆိုင်ကယ် ၂ စီးနဲ့ လူ ၄ ဦးက ခြံရှေ့မှာ “မအူပင် သွေးသောက်” အဖွဲ့ဆိုတဲ့ စာပါတဲ့ သတိပေးစာကို ချသွားပြီး မအူပင်မြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိပြုံးရဲ့ အိမ်ရှေ့မှာလည်း “နင် အေးဆေးနေ မနေရင် နင့်မိသားစုကို နင်ပြန်သတ်တာပဲ” ဆိုတဲ့ ခြိမ်းခြောက်စာချသွားတယ်လို့ ဆိုပါတယ်။ 

မအူပင်မြို့မှာ မေလ ၄ ရက် ညပိုင်းကလည်း NLD ပါတီရဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးအိမ်ကို သွေးသောက်အဖွဲ့က လာရောက်မီးရှို့ခဲ့ပါတယ်။

မီးရှို့တဲ့အချိန်မှာ ပတ်ဝန်းကျင်က မီးငြှိမ်းသတ်ခဲ့တာကြောင့် အိမ်မလောင်ခဲ့ပေမယ့် လာလုပ်တဲ့ သူတွေက အာဏာသိမ်းစစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့ကို သတင်းပေးပြီး ပေါင်းနေတဲ့သူတွေဖြစ်တယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

သွေးသောက်လူသတ်အဖွဲ့ဟာ ရန်ကုန်နဲ့ မန္တလေးမှာလည်း  အန်အယ်လ်ဒီပါတီဝင်တွေနဲ့ ထောက်ခံသူတွေကို ပစ်မှတ်ထားပြီး လိုက်လံသတ်ဖြတ်နေတဲ့ အဖွဲ့ဖြစ်ပြီး စစ်ကောင်စီက သူတို့ဖွဲ့ပေးထားတဲ့အဖွဲ့မဟုတ်ဘူးလို့ ငြင်းဆိုထားပေမဲ့  လူသတ်သမားတွေကို ဖမ်းဆီး အရေးယူတာလည်း မရှိပါဘူး။

3 mins Ago

January 18, 2022

PDF များကို လက်ခံလျှင် ဗုံးကြဲတိုက်ခိုက်မည်ဟု စစ်ကောင်စီက ထီးချိုင့်ပြည်သူများကို ခြိမ်းခြောက်

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြိုနယ်အတွင်းက ကျေးရွာအချို့မှာ PDF တပ်တွေကို လက်ခံထားပါက လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်မယ်ဆိုပြိး ခြိမ်းခြောက်စာတွေ ဇန်နဝါရီ ၁၈ ရက်မနက်ပိုင်းမှာ စစ်ကောင်စီက လိုက်လံဖြန့်ဝေနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အခုလိုစစ်ကောင်စီက ခြိမ်းခြောက်စာတွေ ဖြန့်ဝေနေတာကြောင့် ဒေသခံတွေ ကြောက်လှန့်နေကြပြီး စစ်ဘေးရှောင်နိုင်ဖို့ ကြိုတင်ပြင်ဆင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျနော်တို့ရွာကိုတော့ မနက်ပိုင်းက ထီးချိုင့်ထွေအုပ်ရုံးကလူတွေနဲ့ စစ်ကောင်စီ လက်နက်ကိုင်တွေနဲ့ လာကပ်သွားတယ်။ ဘယ်လိုပဲဖြစ်နေဖြစ်နေ ကျနော်တို့တတွေကတော့ ကြိုတင်ပြင်ဆင်တာတွေတော့ လုပ်ထားတယ်။ သူတို့ ဘယ်လိုပဲ ခြိမ်းခြောက်နေပါစေ ဆက်လက်ပြီး စစ်ကောင်စီကို ဆန့်ကျင်သွားမယ်” လို့ အလယ်တောစံပြကျေးရွာသားတစ်ဦးက ပြောပါတယ်။

ခြိမ်းခြောက်တဲ့စာထဲမှာတော့ ‘နောက်တစ်ခါ PDF များကို လက်ခံအားပေးပါက၊ သင်တန်းဖွင့်ပါက ရွာလုံးကျွတ် ရွှေ့ပြောင်းရမယ်’ လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဟာ ဇန်နဝါရီ ၄ ရက်နေ့ကလည်း ထီးချိုင့်မြို့နယ် ဂဟဲကျေးရွာကို ရဟတ်ယာဉ်အသုံးပြုပြီး လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးကာ အများအပြားဒဏ်ရာရခဲ့ကြပြီး နေအိမ်တချို့ မီးလောင်ခဲ့တယ်လို့လည်း သိရပါတယ်။

အဲဒီလို ဂဟဲကျေးရွာကို‌ လေယာဉ်အသုံးပြု ပစ်ခတ်ပြီးခဲ့ပြီးနောက် ဇန်နဝါရီ ၅ ရက်ကလည်း စစ်ကောင်စီက ထီးချိုင့်မြို့နယ်အတွင်းရှိ ကျေးရွာတွေကို လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်မယ်ဆိုတဲ့ စာရွက်တွေကို လေယာဉ်ပေါ်ကနေ ကြဲချကာ ခြိမ်းခြောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

4 months Ago
Up