close

PDF များကို လက်ခံလျှင် ဗုံးကြဲတိုက်ခိုက်မည်ဟု စစ်ကောင်စီက ထီးချိုင့်ပြည်သူများကို ခြိမ်းခြောက်

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြိုနယ်အတွင်းက ကျေးရွာအချို့မှာ PDF တပ်တွေကို လက်ခံထားပါက လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်မယ်ဆိုပြိး ခြိမ်းခြောက်စာတွေ ဇန်နဝါရီ ၁၈ ရက်မနက်ပိုင်းမှာ စစ်ကောင်စီက လိုက်လံဖြန့်ဝေနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အခုလိုစစ်ကောင်စီက ခြိမ်းခြောက်စာတွေ ဖြန့်ဝေနေတာကြောင့် ဒေသခံတွေ ကြောက်လှန့်နေကြပြီး စစ်ဘေးရှောင်နိုင်ဖို့ ကြိုတင်ပြင်ဆင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျနော်တို့ရွာကိုတော့ မနက်ပိုင်းက ထီးချိုင့်ထွေအုပ်ရုံးကလူတွေနဲ့ စစ်ကောင်စီ လက်နက်ကိုင်တွေနဲ့ လာကပ်သွားတယ်။ ဘယ်လိုပဲဖြစ်နေဖြစ်နေ ကျနော်တို့တတွေကတော့ ကြိုတင်ပြင်ဆင်တာတွေတော့ လုပ်ထားတယ်။ သူတို့ ဘယ်လိုပဲ ခြိမ်းခြောက်နေပါစေ ဆက်လက်ပြီး စစ်ကောင်စီကို ဆန့်ကျင်သွားမယ်” လို့ အလယ်တောစံပြကျေးရွာသားတစ်ဦးက ပြောပါတယ်။

ခြိမ်းခြောက်တဲ့စာထဲမှာတော့ ‘နောက်တစ်ခါ PDF များကို လက်ခံအားပေးပါက၊ သင်တန်းဖွင့်ပါက ရွာလုံးကျွတ် ရွှေ့ပြောင်းရမယ်’ လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဟာ ဇန်နဝါရီ ၄ ရက်နေ့ကလည်း ထီးချိုင့်မြို့နယ် ဂဟဲကျေးရွာကို ရဟတ်ယာဉ်အသုံးပြုပြီး လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးကာ အများအပြားဒဏ်ရာရခဲ့ကြပြီး နေအိမ်တချို့ မီးလောင်ခဲ့တယ်လို့လည်း သိရပါတယ်။

အဲဒီလို ဂဟဲကျေးရွာကို‌ လေယာဉ်အသုံးပြု ပစ်ခတ်ပြီးခဲ့ပြီးနောက် ဇန်နဝါရီ ၅ ရက်ကလည်း စစ်ကောင်စီက ထီးချိုင့်မြို့နယ်အတွင်းရှိ ကျေးရွာတွေကို လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်မယ်ဆိုတဲ့ စာရွက်တွေကို လေယာဉ်ပေါ်ကနေ ကြဲချကာ ခြိမ်းခြောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up