ပေါ့ပ်စူပါစတား ဘီယွန်းစေးဟာ ဖေဖော်ဝါရီ ၅ ရက်က ကျင်းပတဲ့ ဂရမ်မီဆုပေးပွဲမှာ ဆု လေးဆုထပ်ရပြီး ဂီတလောကမှာ အောင်မြင်မှုအများဆုံး စံချိန်ကို ချိုးနိုင်ခဲ့ပါတယ်။
ဘီယွန်းစေးဟာ ဒီနှစ်ဆုပေးပွဲမှာ အကောင်းဆုံး R&B သီချင်းဆု၊ အကောင်းဆုံး dance/electronic အယ်လ်ဘမ်ဆုအပါအဝင် ဂရမ်မီဆုလေးခု ထပ်ရခဲ့လို့ သူရဲ့ တသက်တာမှာ ဂရမ်မီဆု စုစုပေါင်း ၃၂ ဆုအထိ ရှိလာပြီး ကွယ်လွန်သူ ဂန္ထဝင် ဂီတမှူး ဂျော့ချ် ဆိုလ်တီရဲ့ စံချိန်ကို ကျော်လွန်သွားခဲ့တာပါ။
“Break My Soul” သီချင်းနဲ့ ပေါက်ခဲ့တဲ့ အသက် ၄၁ နှစ်အရွယ် အဆိုတော် ဘီယွန်းစေးဟာ အကောင်းဆုံးအယ်လ်ဘမ်ဆုကိုတော့ မရခဲ့ပါဘူး။
ဗြိတိန်အဆိုတော် ဟာရီစတီးလက်စ်ဟာ ဒီနှစ်အတွက် အကောင်းဆုံး အယ်လ်ဘမ်ဆုကို တနင်္ဂနွေနေ့က ဆွတ်ခူးသွားခဲ့ပါတယ်။
“ဒီကဏ္ဍထဲမှာရှိတဲ့ အနုပညာရှင်တိုင်းက ကျနော့်ကို အရမ်းကို စိတ်အားထက်သန်စေပါတယ်” လို့ စတီးလက်စ်က ဆုလက်ခံရယူချိန်မှာ ပြောခဲ့ပါတယ်။
“ဒီလိုညမျိုးမှာ ဂီတမှာ အကောင်းဆုံးဆိုတာ မရှိဘူးဆိုတာကို သတိရဖို့က ကျနော်တို့အတွက် အရမ်းအရေးကြီးပါတယ်” လို့လည်း သူက ပြောခဲ့ပါတယ်။
ဂရမ်မီဆုအတွက် မဲပေးသူတွေဟာ အနုပညာရှင် အများအပြားကြားမှာ ထိပ်တန်းဆုတွေကို ဖြန့်ကျက်ပေးခဲ့ကြပါတယ်။
ဂုဏ်ထူးဆောင်ဆုတွေကို Recording Academy က အဖွဲ့ဝင် ၁၁,၀၀၀ လောက်က ရွေးချယ်ပေးခဲ့ကြပါတယ်။
နိုဝင်ဘာ ၁၈ က ကျင်းပတဲ့ ၂၀၂၁ ခုနှစ် လက်တင်ဂရမ်မီဆုပေးပွဲမှာ တနှစ်တာအတွက် အကောင်းဆုံးသီချင်းဆုကို ကျူးဘားအစိုးရဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုရဲ့ နိုင်ငံတော်သီချင်းဖြစ်လာတဲ့ ပါထရီယာ-အီ- ဗီဒါ အမည်ရှိ တော်လှန်ရေး ဟစ်ဟော့ပ်သီချင်း ဆွတ်ခူးရရှိသွားပါတယ်။
ရက်ဂေတန် ၂ ယောက်တွဲ အကဂီတအဖွဲ့ဖြစ်တဲ့ ဂျန်းတဲ-ဒယ်-ဇိုးနား ၊ နာမည်ကျော် ဟစ်ဟော့ဂီတအဖွဲ့ အိုရီးရှပ်စ်စ် အဖွဲ့မှ ယော့ချွယ်လ်နဲ့ အဆိုတော် တေးရေးဆရာ ဒယ်ဆယ်မဲရ်-ဘွေနို တို့အပြင် ကျူးဘားအတိုက်အခံ အနုပညာရှင်တွေက ရက်ပ်ပါနှစ်ဦးဖြစ်တဲ့ မိုက်ကဲလိုဆိုဘို နဲ့ အလ်ဖှန်းကီ တို့က ဒီသီချင်းကို ပူးပေါင်း သီဆိုဖျော်ဖြေ တင်ဆက်ခဲ့ပါတယ်။
အနုပညာရှင် တယောက်စီတိုင်းဟာ သီချင်းစာသား စကားလုံးတွေကို နာကျင်မှုတွေ၊ ဒေါသတွေ၊ မျှော်လင့်ချက်တွေ၊ စိတ်အားထက်သန်မှုတွေပါ ထည့်သွင်း ပေါက်ကွဲသီဆိုခဲ့ကြပါတယ်။
သီချင်းစာသားတွေထဲမှာ အတွေးအခေါ်ပိုင်းဆိုင်ရာ သည်းမခံနိုင်မှု၊ အစားအစာပြတ်လပ်မှုနဲ့ ကျွန်းပေါ်မှာ အနာဂတ်ပျောက်နေတဲ့ကျူးဘားလူငယ်တွေ ထွက်ခွာသွားမှုတွေကို ရည်ညွှန်းစပ်ဆို ထားပါတယ်။ ဒီသီချင်းဟာ တစ်နှစ်တာအကောင်းဆုံး မြို့ပြသီချင်းဆုကိုလည်း ရရှိခဲ့ပါသေးတယ်။
အမိမြေနဲ့ဘဝလို့ အဓိပ္ပာယ်ရတဲ့ ဒီသီချင်းဟာ ငါ့နိုင်ငံအတွက်၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နဲ့ ကျူးဘားတွေရဲ့ လွတ်လပ်မှုအတွက်ပဲလို့ တေးသံရှင် ဘွေနိုက အကောင်းဆုံး မြို့ပြသီချင်းဆုကို လက်ခံရရှိပြီးနောက်မှာ ပြောကြားခဲ့ပါတယ်။
အစိုးရမီဒီယာတွေကတော့ ဒီသီချင်းဟာ ကျူးဘားရဲ့အဖြစ်မှန်ကို လွဲမှားစေတယ်လို့ ပြောဆိုကြပြီး တာဝန်ရှိသူတွေကတော့ နိုင်ငံရဲ့ စီးပွားရေး အကြီးကျယ် မပြေလည်မှုတွေကို စစ်အေးခေတ် အမေရိကန် ပိတ်ဆို့မှုအပေါ် ပြစ်တင်ပြောဆိုကြပါတယ်။
ပါထရီယာ-အီ- ဗီဒါ သီချင်းဟာ နောက်ပိုင်းမှာ နိုဝင်ဘာ ၁၅ ရက် ပြုလုပ်ဖို့စီစဉ်ထားတဲ့ ဆန္ဒပြပွဲတွေအတွက် လူထုအော်သံတခု ဖြစ်လာခဲ့ပါတယ်။